မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကြောင်းထိုး ဖျက်ဆီးနေတဲ့ အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက လက်နက်ကြီး၊ လက်နက်ငယ်နဲ့ နင်းမိုင်းတွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့ရာ စစ်သား ၂၃ ယောက် သေဆုံးခဲ့တယ်လို့ မြိုင်ပကဖက ဒီနေ့သတင်းထုတ် ပြန်ပါတယ်။
ဒီဇင်ဘာလအတွင်း ပေါက်မြို့နယ် ကပစ ၂၄ ကနေ ဇီးပြား၊ တရော်ကိုင်းစခန်းနဲ့ ပျူကျေးရွာတွေကို အင်အား ၂၀၀ ကျော်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ ကျွန်းတိုင်း၊ စသိန်း၊ ဂွေးဂုံ၊ ဂဲပင်အင်း၊ ညောင်ရင်း၊ ဓာတ်တော် ကျေးရွာတွေက ပြည်သူလူထုတွေရဲ့ စားနပ်ရိက္ခာကို လုယက်ပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက လက်နက်ကြီး၊ လက်နက်ငယ်နဲ့ နင်းမိုင်းတွေ အသုံးပြု တိုက်ခိုက်ခဲ့ရာ စစ်သား ၂၃ ယောက် သေဆုံးပြီး အများအပြား ကိုယ်လက်အင်္ဂါဆုံးရှုံးတဲ့ ဒဏ်ရာတွေ ရရှိသွားတယ်လို့ သိရပါတယ်။
အထိနာသွားတဲ့ အကြမ်းဖက် စစ်တပ်စစ်ကြောင်းဟာ တော်လှန်ရေးတပ်ဖွဲ့တွေထံ လက်နက်ယူဆောင် အလင်းဝင်ရောက်လာသူ ၄ ယောက်ကိုလည်း သတ်ဖြတ်သွားခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း MGY တပ်နဲ့ မြိုင်ပကဖ က ရဲဘော် ရောင်နီ ကျဆုံးပြီး ရဲဘော် နေဇော်၊ ရဲဘော် အရီးစိုး၊ ရဲဘော် ပျောက်ကြား၊ ရဲဘော် ချဉ်ပေါင်၊ ရဲဘော် လရိပ်၊ ရဲဘော် နဂါး၊ ရဲဘော် ငညီ၊ ရဲဘော် နယူတန်၊ ရဲဘော် ညိုကြီး၊ ရဲဘော် ကျားကြီး၊ ရဲဘော် ချစ်ပိန်နဲ့ ရဲဘော် ကာကာ တို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အထက်ပါတိုက်ခိုက်မှုကို မြိုင်ပကဖ၊ ပေါက်ပကဖ၊ MAGWAY PDF၊ ပခုက္ကူခရိုင် PDF ရင်း (၁)နဲ့ တခြားသော မဟာမိတ်အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်တပ်ဟာ ကပစ ၂၄ ကနေ လက်နက်ကြီးတွေ၊ FPV ဒရုန်းတွေ အသုံးပြုပြီး တော်လှန်ရေးတပ်နဲ့ စစ်ရှောင်ပြည်သူတွေကို တိုက်ခိုက်လျက်ရှိကာ ထိခိုက်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ကပစ ၂၄ ကို ရရှိနိုင်ဖို့ ကြိုးစားအားထုတ်နေမှုအပေါ် ပြည်သူလူထုရဲ့ နှုတ်လုံမှုဟာ အလွန်အရေးကြီးတဲ့ ကိစ္စရပ်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပမယ့် မြို့နယ်တွေကိုလည်း မကျင်းပနိုင်အောင် တပ်ဖွဲ့တွေ စေလွှတ်ထားပြီးဖြစ်ကြောင်း၊ အများပြည်သူအနေနဲ့ ကောင်းမွန်တဲ့ အစိုးရတစ်ရပ်ပေါ်ပေါက်စေဖို့ အသိရှိစွာနဲ့ လိုက်နာဆောင်ရွက်သွားစေလိုကြောင်း မြိုင်ပကဖ က အသိပေးထုတ်ပြန်ထားပါတယ်။
Video – မြိုင်ပကဖ