တေးသံရှင် မွန်းအောင်ရဲ့ “တစိတ်ထဲလား” စစ်ဘေးရှောင် ရန်ပုံငွေဂီတပွဲကို ဒီဇင်ဘာ ၂၁ရက်က မလေးရှားနိုင်ငံ ပီနန်းမြို့မှာ ကျင်းပခဲ့ကြောင်း NLD OC International Malaysia က ထုတ်ပြန်ပါတယ်။
အဆိုပါ ဖျော်ဖြေပွဲမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူပန်းချီကားကို ရင်းဂစ် ၇၇ နဲ့ ပီနန်းမြို့ အမှန်တရား ချစ်မြတ်နိုးသူများအဖွဲ့က လေလံအောင်ခဲ့ပြီး ထပ်တိုးအလှူရှင်တွေကလည်း ပါဝင်အားဖြည့်တဲ့အတွက် ရန်ပုံငွေ ရင်းဂစ် ၁၀၀၀၀ ပြည့်ခဲ့တယ်လို့ သိရပါတယ်။
ရန်ပုံငွေ ဖျော်ဖြေပွဲကို NLD OC International Malaysia နဲ့ CSP (Spring Revolution Music Band) တို့ ပူးပေါင်းပြုလုပ်ခဲ့တာဖြစ်ပြီး “တစိတ်ထဲလား” ဖျော်ဖြေပွဲကို ဒီဇင်ဘာ ၁၄ ရက်နေ့တုန်းကလည်း ကွာလာလမ်ပူမြို့မှာ ကျင်းပခဲ့ပါသေးတယ်။



လက်ရှိအချိန်ထိ တော်လှန်ပြည်သူတွေ အမြဲသီဆိုနေတဲ့ “အရေးကြီးပြီ (သွေးသစ္စာ)” သီချင်းရဲ့ မူရင်းတေးသံရှင် မွန်းအောင်ဟာ ၁၉၈၈ အရေးတော်ပုံကတည်းကနေ အခုချိန်ထိ ပြည်သူဘက်က ရပ်တည်ကာ သူချစ်တဲ့အနုပညာနဲ့အတူ စစ်အာဏာရှင်ကို ဆန့်ကျင်နေဆဲ ဖြစ်ပါတယ်။
တေးသံရှင် မွန်းအောင်ဟာ ၈/၈၂ အင်းလျား၊ ယု၊ ဝတ်မှုံ၊ ရိုးရိုးလေး၊ မိုးလုံးမှိုင်း၊ လွမ်းရတဲ့ညတွေ လွန်ပါစေ၊ ယူပါမေရေ ယူ၊ ငြိမ်းချမ်းရေးတိုက်ပွဲ၊ အရေးကြီးပြီ (သွေးသစ္စာ)၊ သွေးမုန်တိုင်း၊ ကြွေးဟောင်းဆပ်ခွင့်ပြုပါ အမေ စတဲ့ တေးသီချင်းများစွာနဲ့ နာမည်ကျော်ကြားခဲ့သူလည်း ဖြစ်ပါတယ်။





