ပဲခူးတိုင်း၊ ဒိုက်ဦးအကျဥ်းထောင်မှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ မတရားတဲ့ လုပ်ရပ်တွေကို ဆိုးရွားစွာ ကျူးလွန်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။
ဒိုက်ဦးထောင်မှာ စစ်တပ်ကနေ အသွင်ပြောင်းလာတဲ့ လက်ရှိ ဒုထောင်မှူး ဟိန်းဇင်အောင် (ခ) ခြေပြတ် ဟာ နိုင်ငံရေးအကျဥ်းသားတွေအပေါ် မတရားလုပ်ရပ်တွေကို ဦးဆောင်ပြုလုပ် စေခိုင်းနေသူဖြစ်တယ်လို့ ဆိုပါတယ်။
ထောင်တွင်း ရှာဖွေရေးဝင်တယ်ဆိုပြီး ကျန်းမာရေးအတွက် ဆေးဝါးတွေကို သိမ်းဆည်းခြင်း၊ စာပေလေ့လာသင်ယူမှုအတွက် စာအုပ်တွေ၊ စာရွက်စာတမ်းတွေကို ထားခွင့်မပေးဘဲ သိမ်းဆည်းထားခြင်း၊ စာဖတ်ခွင့်မပေးခြင်းတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ထောင်ထဲမှာ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရတာကြောင့် မိသားစုက ပို့ပေးထားတဲ့ ဆေးဝါးတွေ၊ သွင်းထားတဲ့ စာအုပ်တွေကိုလည်း သိမ်းဆည်းထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဈေးဘားကနေ မတန်တဆ ပေးဝယ်ထားရတဲ့ ပစ္စည်းမှန်သမျှကို သိမ်းဆည်းနေသလို ထောင်ဝင်စာပို့တဲ့ မိသားစုဝင်တွေ ယူလာတဲ့ စားစရာတွေကိုလည်း ထောင်ဗူးဝကနေ ရှာဖွေရေးလုပ်ပြီး အကျဥ်းဦးစီးဝန်ထမ်းတွေက သိမ်းဆည်းယူတဲ့ ဖြစ်စဥ်တွေလည်း ရှိနေတယ်လို့ သိရပါတယ်။
နိုင်ငံရေးအကျဥ်းသားတွေ ဆေးဝါးကုသစောင့်ရှောက်မှု လုံလောက်စွာမရတဲ့ ဖြစ်စဥ်တွေကို တင်ပြတောင်းဆိုတဲ့အခါမျိုးမှာ နာမည်စာရင်း မှတ်ထားပြီး တောင်းဆိုသူတွေကို လေးဘက်ထောက် သွားခိုင်း၊ ရိုက်နှက်ကာ တိုက်ထဲပို့တဲ့ ဖြစ်စဥ်တွေကိုလည်း နိုင်ကျဥ်းတွေ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
အဆိုပါ ဖြစ်ရပ်တွေဟာ နိုင်ငံရေးအကျဥ်းသားတွေရဲ့ အခြေခံလူ့အခွင့်အရေးတွေကို ပြင်းထန်စွာ ချိုးဖောက်နေခြင်းဖြစ်သလို သူတို့ရဲ့ အသက်အန္တရာယ်နဲ့ ကျန်းမာရေးအပေါ် အန္တရာယ်ဖြစ်ပေါ်စေနိုင်ပြီး စိုးရိမ်ရတဲ့ အခြေအနေတစ်ခုဖြစ်တာကြောင့် အခုလို အသိပေးထုတ်ပြန်ခြင်း ဖြစ်တယ်လို့ PPNM က ဆိုပါတယ်။