မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ကနေ သင်တန်းဆင်းပျူစောထီးတွေ တင်ဆောင်လာတဲ့ ကားတန်းကို ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒုတပ်ကြပ် ၂ ယောက်နဲ့ ပျူ ၄၀ ကျော် သေဆုံးခဲ့တယ်လို့ TGYR – Youth Guerrilla Counter Revolution -NZ က သတင်းထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၁၉ ရက် မနက်အစောပိုင်းက ငါန်းဇွန်မြို့နယ်ကနေ အရှေ့တံတားဦးလမ်းသို့ ထွက်လာတဲ့ သင်တန်းဆင်းပျူစောထီးတွေ တင်ဆောင်လာတဲ့ ကားတန်းကို တော်လှန်ရေးတပ်တွေက အသင့်စောင့်ကြို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ပျူစောထီးကားတန်းထဲက ကားတစ်စီးကို အပြီးတိုင် တိုက်ခိုက်ချေမှုန်းခဲ့ပြီး ကားပေါ်ပါ ပျူခေါင်းဆောင် မျိုးမင်းခိုင်ရဲ့ သင်တန်းဆင်း ပျူစောထီး ခန့်မှန်း အယောက် ၄၀ ကျော်နဲ့ ဒုတပ်ကြပ် ၂ ယောက် နေရာမှာပဲ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
“တိုက်ပွဲဖြစ်ချိန် ၁၅ မိနစ်ပဲကြာတယ်။ သူတို့လာမှာကို အတွင်းသတင်းပေးမှုအရ စောင့်တာပါ။ ကားက လမ်းမပေါ်မှာ၊ ကျနော်တို့က လမ်းဘေးရေမြောင်းအကျော်မှာဆိုတော့ အကုန်မြင်ရ ကြားရပါတယ်။ မပစ်ပါနဲ့ ထိထားလို့ပါ အလင်းဝင်ပါမယ်ဆိုပြီး အော်တာကအစ ကြားရပါတယ်” လို့ TGYR မြင်းခြံခရိုင် အမှတ် (၁၁) တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်အုပ်စုရဲ့ Canter ကားကို အပိုင်စီးနိုင်ခဲ့ပေမယ့် ငါန်းဇွန်မြို့နဲ့ နီးစပ်တဲ့ မြို့ထဲကနေ နောက်ထပ် ကားကြီးကားငယ် ၆ စီး ထပ်မံရောက်ရှိလာတဲ့အတွက် ပစ္စည်းတွေ သိမ်းဆည်းနိုင်ခြင်းမရှိဘဲ ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို TGYR မြင်းခြံခရိုင် အမှတ် (၁၁) တပ်ရင်း၊ Special Task Force (Ngazun) တပ်ဖွဲ့နဲ့ 925 တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
Video – TGYR – Youth Guerrilla Counter Revolution -NZ