အကြမ်းဖက်စစ်တပ်ဟာ သူ့ရဲ့တပ်သားတွေကို မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့ ခလရ ၅၀ ထဲကို ခရီးသွားအသွင်နဲ့ ပို့ဆောင်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များဆီက သိရပါတယ်။
ယခုလ ဒီဇင်ဘာလအတွင်းမှာ ပုခုက္ကူမြို့တပ်မ ၁၀၁ အပါဝင် တခြားသောတပ်တွေဆီကတပ်သားတွေကို ခလရ ၅၀ ထဲကို ရရာနည်းလမ်းတွေနဲ့ အင်အားဖြည့်ပို့ဆောင်နေတာ ဖြစ်ပါတယ်။
စစ်တပ်ဟာ ခရီးသည်တင်ယာဉ်တစ်စီးမှာ စစ်သား သုံးလေးဦးကို ခရီးသည်အသွင်နဲ့ ပို့ဆောင်နေတာဖြစ်ပြီး လက်ရှိခလရ ၅၀ထဲကို အင်အား ၂၀ လောက် ရောက်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။
“သူတို့က ခရီးသည်တင်ယာဉ်နဲ့ပဲ လိုက်စီးတာ။ ကုန်တင်ကားကျတော့ သိသာတယ်လေ။ ခရီးသည်တင်ယာဉ်တွေကြားမှာတော့ သူတို့က ညှပ်ညှပ်ပြီးထည့်တာ” လို့ ယောအလင်းတန်းက တာဝန်ရှိသူတဦးက မောင်းကို ပြောပါတယ်။
ပုံစာ- အကြမ်းဖက်စစ်သားများ(ပုံဟောင်း)
ဂန့်ဂေါ-ပုခုက္ကူ-ယောနယ်တလျှောက်မှ ပသုံးလုံးဂိတ်တွေ အများကြီးရှိတာကြောင့် ဒီလို ဖြစ်စဉ်မျိုး ထပ်မံမဖြစ်ရအောင် သေချာစစ်ဆေးကြဖို့ လိုတယ်လို့လည်း သူကဆိုပါတယ်။
“ဒါက နယ်မြေအခြေအနေကို သွေးတိုးစမ်းတာပဲပေါ့နော်။ အင်အားပို့ချင်ရင် သူတို့ ပေါ်တင်ပို့လို့ရတာပဲ။ ဂိတ်တွေက သေချာမစီစစ်နေဘူး။ ရှင်းရှင်းပြောရရင် သေနတ်ရှိရင် ဂိတ်ထောင်လို့ ရနေတာပဲ။ ကျွန်တော်တို့ကတော့ သက်ဆိုင်ရာကို သေချာလေး စီစစ်စေချင်တယ်” လို့ သူက ဆက်ပြောပါတယ်။
အခုလို စစ်သားတွေကို သယ်ဆောင်ပို့ပေးနေတဲ့ ခရီးသည်တင်ယာဉ်လိုင်းကားတွေထဲမှာ စစ်တပ်နဲ့ ဆက်နွယ်မှုရှိနေတယ်လို့ ဆိုကြတဲ့ ဖြိုးမေတ္တာ၊ ရွှေမေတ္တာနဲ့ အလင်းတန်း တို့ပါဝင်တယ်လို့ ဒေသတွင်းရင်းမြစ်ကဆိုပေမဲ့၊ ဒီသတင်းအပေါ် မောင်းအနေနဲ့ သီးခြားအတည်ပြနိုင်ခြင်း မရှိသေးပါဘူး။