လက်ရှိဖြစ်ပွားနေတဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံနယ်စပ်ပြဿနာနဲ့ ပစ်ခတ်မှုတွေမှာ ထိုင်းနိုင်ငံဘက်က စတင်ခြင်းမဟုတ်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံးက မနေ့က ထုတ်ပြန်ပါတယ်။
ထိုင်း–ကမ္ဘောဒီးယား နယ်စပ်အခြေအနေဆိုင်ရာ ပူးတွဲသတင်းစာရှင်းလင်းရေးဌာနရဲ့ ညွှန်ကြားရေးမှူး အဲယားချီဖ်မာရှယ် ပရာပတ် ဆွန်ချိုင်းဒီ (Air Chief Marshal Prapas Sornchaidee) ကနေ ထိုင်းပြည်သူလူထုနဲ့ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းထံ ရှင်းလင်းတင်ပြတဲ့ ကြေညာချက် ဖြစ်ပါတယ်။
“ထိုင်းနိုင်ငံအနေနှင့် ပဋိပက္ခကို ရှာဖွေလိုခြင်း မရှိကြောင်းနှင့် အကြမ်းဖက်မှုကို စတင်ခဲ့ခြင်း မရှိကြောင်းကို ထပ်မံအတည်ပြုပါသည်။ သို့သော် ထိုင်းပြည်သူများ သို့မဟုတ် ဝန်ထမ်းများကို အန္တရာယ်အတွင်း ကျရောက်ခြင်းကို မည်သည့်အခါမျှ လက်မခံပါ” လို့ ကြေညာချက်မှာ ပါဝင်ပါတယ်။
ဒါ့အပြင် အရေးကြီးဆုံးအချက်ဟာ ကမ္ဘောဒီးယားရဲ့ လုပ်ဆောင်ချက်တွေက မှန်ကန်တဲ့ စိတ်နေစိတ်ရင်း ရှိ၊မရှိ ပြရမှာဖြစ်ပြီး အရင်ကပြောဆိုထားတဲ့စကားနဲ့ လက်တွေ့လုပ်ဆောင်ချက်တွေ ကွဲပြားနေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟဆက် ဖွန်းကက်ကယ်ဝ်က ဆိုပါတယ်။
ထိုင်းနိုင်ငံအတွင်းရှိ ထိုင်းပြည်သူတွေနဲ့ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေရဲ့ အသက်အန္တရာယ် ဆက်လက်ခြိမ်းခြောက်ခံနေရမှုကနေ ကာကွယ်ဖို့ လိုအပ်ပြီး အပစ်အခတ်ရပ်စဲရေး တောင်းဆိုမှုတိုင်းအတွက် ဒီအခြေအနေ အချက်အလက်တွေကို ထည့်သွင်းစဥ်းစားရမယ်လို့လည်း သူက ပြောခဲ့ပါတယ်။
လက်ရှိ တကျော့ပြန်စစ်ပွဲကြောင့် ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံနယ်စပ်ရှိ ဒေသခံတွေ ရွှေ့ပြောင်းနေထိုင်နေရပြီး စာသင်ကျောင်းတွေ ပိတ်ထားရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
(ဓာတ်ပုံ AP) 



