အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အစိုးရအဖွဲ့သစ် ပြန်လည်ဖွဲ့စည်းရာမှာ ပြန်လည်မပါဝင်ခဲ့တဲ့ နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးကို နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးအဖြစ် ခန့်အပ်လိုက်ကြောင်း NUG က ဒီဇင်ဘာလ ၁၅ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ လုပ်ငန်းတွေ ပိုမိုကျယ်ပြန့်ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ အခုလို ခန့်အပ်ခဲ့တာ ဖြစ်တယ်လို့ NUG က ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက်မှာ NUG အစိုးရအဖွဲ့ကို ပြောင်းလဲဖွဲ့စည်းကြောင်း CRPH က ထုတ်ပြန်ခဲ့ပြီး ဝန်ကြီး၊ ဒုဝန်ကြီးနဲ့ ဝန်ကြီးဌာနတချို့ကို ပြောင်းလဲပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။
အစိုးရအဖွဲ့သစ်မှာ အရင်အစိုးရအဖွဲ့ကတည်းက ပါရှိခဲ့ကြသူတွေ အများစု ပြန်လည်ပါဝင်ခဲ့ပြီး ဦးမိုးဇော်ဦး အပါအဝင် နော်စူဇန်နာလှလှစိုး၊ ဒေါ်အိသဉ္ဓာမောင်၊ ဦးထင်လင်းအောင်၊ ဒေါ်ခင်မမမျိုး ၊ နိုင်ထွန်းဖေ (ခ) နိုင်သုဝဏ္ဏ၊ ဒေါက်တာဆာဆာ စတဲ့သူတွေ ပြန်လည်မပါဝင်ခဲ့တာ ဖြစ်ပါတယ်။
