မြောက်ဦးဆေးရုံ တိုက်ခိုက်ခံရမှုဟာ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာဖြစ်ပြီး စစ်တပ်က စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (APHR) က ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
“မြောက်ဦးဆေးရုံ တိုက်ခိုက်ခံရမှုဟာ ကာကွယ်ပေးထားတဲ့ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ အစုလိုက်အပြုံ လိုက် သတ်ဖြတ်တာ ဖြစ်ပါတယ်။ အဲဒီလို ရက်စက်မှုကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ ကျူးလွန်တာဟာ လူသားချင်းစာနာထောက်ထားမှုကို စစ်ကောင်စီက လုံးဝအလေးမထားဘူးဆိုတာ ပြသနေပါတယ်” လို့ အင်ဒိုနီးရှားပါလီမန်အမတ်လည်းဖြစ်တဲ့ APHR ဥက္ကဋ္ဌ မာစီ ခရစ်စတီ ဘာရန်းဒ်စ် (Mercy Chriesty Barends) က ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ အကြမ်းဖက်စစ်တပ်ရဲ့ မြောက်ဦးဆေးရုံ ဗုံးကြဲတိုက်ခိုက်မှုကို စစ်ရာဇ ဝတ်မှု ကျူးလွန်မှုအဖြစ် သတ်မှတ်ပြီး ရှုတ်ချတယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၁၀ ရက် မနေ့ည ၉ နာရီကျော် အချိန်မှာ မြောက်ဦးမြို့က အရပ်သားပြည်သူတွေ ဆေးကုသမှုခံယူနေတဲ့ ဆေးရုံကို အကြမ်းဖက်စစ်တပ်က ပေါင် ၅၀၀ ဗုံး ၂လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ အယောက် ၃၀ကျော် သေဆုံးခဲ့ရပြီး လူ ၁၀၀ နီးပါး ထိခိုက်ဒဏ်ရာရခဲ့ကာ အများအပြား စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။
အကာအကွယ်ပေးထားရမယ့် ဆေးဘက်ဆိုင်ရာ အဆောက်အအုံကို လူနာတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ ပိုမို အန္တရာယ်ကျရောက်နိုင်တဲ့ ညအချိန်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာဟာ အစုလိုက်အပြုံလိုက်သတ်ဖြတ်တဲ့ ရက်စက် ကြမ်းကြုတ်မှုဖြစ်ပြီး နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို သိသိသာသာ ချိုးဖောက်တာ ဖြစ်တယ်လို့ APHR ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ အများစုဟာ ဆေးကုသမှုခံယူနေတဲ့ လူနာတွေဖြစ်ပြီး ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ နာတာရှည်ရောဂါဝေဒနာသည်တွေ ပါဝင်တာဖြစ်ပါတယ်။ သေဆုံးသူတွေထဲမှာ ကျန်းမာရေးဝန်ထမ်းတွေလည်း ပါဝင်ပြီး ထိခိုက်ဒဏ်ရာရသူ အများစုဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။
“ဆေးရုံတွေဟာ ဘယ်လိုမှ ပစ်မှတ်မဟုတ်ပါဘူး။ စစ်အာဏာရှင်က အရပ်သားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ဂရုမစိုက်ဘဲ ပြစ်မှုကျူးလွန်တာဖြစ်ပြီး အဲဒီအပေါ် အပြည့်အဝ တာဝန်ယူ၊ တာဝန်ခံစေရမှာဖြစ်တယ်”လို့ မလေးရှားအမတ်၊ APHR ဘုတ်အဖွဲ့ဝင် ဝေါင်းချန် (Wong Chen) ကလည်း ပြောပါတယ်။
နိုင်ငံတကာလူ့အခွင့်အရေးနေ့မှာ စစ်တပ် ကျူးလွန်ခဲ့တဲ့ မြောက်ဦးဆေးရုံ ဗုံးကြဲတိုက်ခိုက်မှုဟာ စစ်အာဏာရှင်ရဲ့ ရက်စက်ကြမ်းကြုတ်မှု ဘယ်လောက်နက်ရှိုင်းလဲဆိုတာကို ဖော်ထုတ်ပြသလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
(ဓာတ်ပုံ WaiHunAung) 




