မိုးကုတ်နဲ့ မိုးမိတ်ဒေသတွေကို ဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ထုတ်ကာ နယ်မြေပြန်လည်စိုးမိုးနိုင်ရေးအတွက် ပြည်သူနဲ့လက်တွဲကာ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရေး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
ဒီဇင်ဘာလ ၁၁ ရက် ဒီနေ့ ပြုလုပ်တဲ့ ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ်မှာ ဦးနေဘုန်းလတ်က အခုလိုပြောကြားခဲ့ ဖြစ်ပါတယ်။
“အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအနေနဲ့ မိုးကုတ်၊ မိုးမိတ်ဒေသကို ကျူးကျော်ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတပ်တွေကို ပြည်သူလူထုနဲ့ လက်တွဲပြီး ရွပ်ရွပ်ချွံချွံ ဆက်လက်တိုက်ပွဲဝင်လျက်ရှိနေပြီး နယ်မြေစိုးမိုးထိန်းချုပ်နိုင်မှု ပြန်လည်ရရှိနိုင်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း ပြည်သူလူထုကို သတင်းစကားပါးလိုပါတယ်” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။
မိုးကုတ်နဲ့ မိုးမိတ်ဒေသတွေကို ကျူးကျော်ဝင်လာတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးအင်အားစုတွေက ဆက်လက်တိုက်ခိုက်နေပြီး နိုဝင်ဘာ ၃၀ ရက်ကနေ ဒီဇင်ဘာ ၆ ရက်အထိ တစ်ပတ်တာအတွင်း တိုက်ပွဲ ၉ကြိမ်ထက်မနည်းဖြစ်ပွားကာ ရန်သူ စိုးမိုးထားတဲ့ စခန်းကုန်းကြီးတစ်ခုကို သိမ်းနိုင်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားပါတယ်။
“မိုးကုတ်၊ မိုးမိတ် နယ်မြေတွေကိစ္စနဲ့ ပတ်သက်ပြီးတော့ အများစုက အမျိုးသားညီညွတ်ရေးအစိုးရအပေါ် မျှော်လင့်ချက်တွေထားပြီး စောင့်ကြည့်ခဲ့ကြတာကို ကျနော်တို့ ရှင်းရှင်းလင်းလင်း သိထားပါတယ်။ ဒါပေမယ့် ထိလွယ်ရှလွယ်ဖြစ်တဲ့ နိုင်ငံရေး စစ်ရေး အရပ်ရပ်အပေါ် မူတည်ပြီးတော့ တရားဝင် ထုတ်ပြန်ချက်တွေကို အစောတလျင် မထုတ်ပြန်နိုင်ခဲ့တာကိုတော့ နားလည်ပေးနိုင်ကြမယ်လို့ ယုံကြည်ပါတယ်” လို့ ဦးနေဘုန်းလတ်က ပြောခဲ့ပါတယ်။
ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်အနေနဲ့ မိုးကုတ် မိုးမိတ်ဒေသ စစ်ဆင်ရေး စစ်ဦးစီးအဖွဲ့ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီး ဒေသတွင်းမှာရှိတဲ့ PDF ၊ ပကဖ၊ တပ်ရင်းတွေကို စုစည်းလျက် အမိန့်ပေးကွပ်ကဲမှုစနစ် တစ်ခုတည်းအောက်ကနေ စစ်ဆင်ရေးကိစ္စတွေကို အနီးကပ် ကြီးကြပ် ကွပ်ကဲ ဆောင်ရွက်နေတယ်လို့လည်း အသိပေးထားပါတယ်။
တရုတ်ရဲ့ ကြားဝင်ညှိနှိုင်းမှုကြောင်း အကြမ်းဖက်စစ်တပ်နဲ့ တအာင်းတပ်မတော် TNLA တို့ ပြီးခဲ့တဲ့ အောက်တိုဘာလမှာ အပစ်ရပ် လက်မှတ်ထိုးပြီးနောက်ပိုင်း တစ်လအကြာ နိုဝင်ဘာလကုန်ပိုင်းမှာ မိုးကုတ်နဲ့ မိုးမိတ်ဒေသကို အကြမ်းဖက်စစ်သားရာနဲ့ချီ စစ်ယာဥ်တန်းတွေနဲ့ ပြန်လည်ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။