မတရားစစ်မှုထမ်း အပတ်စဥ် (၁၇) ရောက်ရှိလာချိန်မှာ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီး၊ မြို့ငယ်တချို့မှာ အကြမ်းဖက်စစ်တပ်ကြောင့် လူငယ်လူရွယ် တော်တော်များများ ဆက်လက် ဖမ်းဆီးစုဆောင်းခံနေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

လက်ရှိမှာ စစ်မှုထမ်းအပတ်စဥ် (၁၆) စတင်ခဲ့ပြီးတဲ့နောက် နောက်ထပ် အပတ်စဥ် (၁၇) အတွက် အကြမ်းဖက် စစ်တပ်က စစ်အင်အားစုဆောင်းတာတွေကို ပြန်လည်ကာ ဆိုးဆိုးရွားရွား လုပ်ဆောင်လာနေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁ လအတွင်းမှာပဲ ရန်ကုန်မှာ လူပေါင်း ၁၆၇ ယောက်အထိ ဖမ်းဆီးခံခဲ့ရပြီး အဲ့ဒီထဲက ၂၅ ယောက်ဟာ စစ်သင်တန်းကျောင်းတွေကို ပို့ဆောင်ခံလိုက်ရတယ်လို့ Rangoon Scout Network ရဲ့ စစ်တမ်းအရ သိရပါတယ်။

ရန်ကုန်တိုင်းအတွင်း မြို့နယ်တွေမှာ စစ်အုပ်စုလက်ပါးစေ အုပ်ချုပ်ရေးမှူးနဲ့ အပေါင်းအပါတွေက နေအိမ်တိုက်ခန်းတွေထဲ ရှောင်တခင် ဧည့်စာရင်းဝင်စစ်ရင်း ဖမ်းဆီးတာ၊ လမ်းမပေါ် တားမြစ်ဖမ်းဆီးတာတွေ အဓိကလုပ်ဆောင်ပြီး စစ်မှုထမ်းအတွက် စုဆောင်းနေတာဖြစ်ပါတယ်။

ဖမ်းဆီးရရှိထားသူတွေကို လှည်းကူးမြို့နယ် ဖောင်ကြီး စခတ ၁ နဲ့ တိုက်ကြီးမြို့နယ် ဂျိုးဖြူ တတက ၁ တို့လို သင်တန်းကျောင်းတွေဆီ ပို့ဆောင်တာရှိသလို ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ်နဲ့ ရှမ်းပြည် ဟိုပုံးမြို့နယ်၊ မကွေးမြို့က စစ်တပ်စခန်းတွေဆီ ပို့ဆောင်ခံလိုက်ရသူတွေလည်း ရှိတယ်လို့ Rangoon Scout Network က ပြောပါတယ်။

ဒါ့အပြင် မန္တလေးက မြို့နယ်တွေမှာလည်း သက်ဆိုင်ရာရပ်ကွက်အလိုက် စစ်မှုထမ်းမဲနှိုက်တာတွေကို ပြီးခဲ့တဲ့ ငလျင်ဒဏ်ဖြစ်ချိန် ရပ်နားထားရာကနေ တကျော့ပြန် ပြန်ပြီး ဆိုးဆိုးဝါးဝါး လုပ်ဆောင်လာနေတယ်လို့ သိရပါတယ်။

မဟာအောင်မြေ၊ ပြည်ကြီးတံခွန်၊ အောင်မြေသာစံ စတဲ့ မြို့နယ်တွေအပြင် ဝန်ထမ်းပေါများတဲ့ ချမ်းအေးသာစံမြို့နယ်အတွင်းက ရပ်ကွက်တွေမှာပါ စစ်မှုထမ်းမဲနှိုက်တာတွေ လုပ်ဆောင်လာကြောင်းနဲ့ ဧည့်စာရင်းစစ် ဖမ်းဆီးတာတွေလည်း ပိုပြီးရှိလာနေပါတယ်။

ဒါ့အပြင် ပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်တွေကို သတ်မှတ်ရက်အတွင်း သိန်းရာနဲ့ချီအထိ ပေးရွေးနေရတယ်လို့လည်း သိရပါတယ်။

“မန္တလေး စက်မှုနားမှာ ပေါ်တာတွေ ဆွဲနေတယ်။ ညတွင်းချင်းပြန်ရွေးရင် သိန်း၂၀၀ ကနေ ၂၈၀အထိ ပေးရတယ်။ နောက်ရက်မှ သွားရွေးရင်တော့ လက်မခံဘူး။ မျက်နှာတောင် အတွေ့မခံဘူး။ ချက်ချင်း သင်တန်းကျောင်းကိုပို့ပစ်တယ်” လို့ မန္တလေးမြို့ခံ ၁ ယောက်က မောင်းကိုပြောပါတယ်။

Voice of Mandalay ရဲ့ဖော်ပြချက်အရ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း မန္တလေးမြို့ပေါ်မှာ စစ်မှုထမ်းမဲပေါက်တာ၊ ဧည့်စာရင်းစစ်ဖမ်းဆီးတာနဲ့ နာမည်အတိအကျ အိမ်တိုင်ရာရောက် လာရောက်ဖမ်းဆီးမှုတွေကြောင့် ပေါ်တာဆွဲဖမ်းဆီးခံရသူ အယောက် ၄၀ ကျော်အထိ ရှိခဲ့ကြောင်း သိရပါတယ်။

အလားတူ မကွေးတိုင်းအတွင်းက ချောက်၊ စလင်း၊ မင်းဘူးနဲ့ ပွင့်ဖြူမြို့နယ်တွေမှာလည်း စစ်မှုထမ်းအတွက် စုဆောင်းခံရမှုတွေ ပိုပြီးဆိုးရွားလာတယ်လို့သိရပါတယ်။

စက်တင်ဘာလအတွင်းမှာပဲ စလင်းနဲ့ ချောက်မြို့နယ်တွေမှာ လူငယ်အယောက် ၃၀ နီးပါး ပေါ်တာဆွဲဖမ်းဆီးခံထားရပြီး ငွေသိန်း ၇၀အထိ အများဆုံးပေးရွေးနေကြရတယ်လို့ ပြည်သူ့ညီနောင်- စလင်းအဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့ မနက်ပိုင်းက ချောက်မြို့ ကိုရီးယားဘာသာစကားသင်တန်းကျောင်းကနေ ပေါ်တာဆွဲဖမ်းဆီးခံရတဲ့ ကျောင်းသား ၁၃ယောက်ဟာလည်း တစ်ယောက်ချင်းစီအတွက် အကြမ်းဖက်စစ်တပ် အာဏာပိုင်တွေကို ငွေကျပ် သိန်း ၆၀ နဲ့ ၇၀အထိ ပေးပြီး ခံဝန်ကတိထိုး ရွေးယူခဲ့ရတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် စလင်းနဲ့ ချောက်မြို့မှာ ခရီးသွားကားတွေပေါ်က အရပ်သားလူငယ်တွေနဲ့ ကားစပယ်ရာတွေကိုပါ အကြမ်းဖက်စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။

အလားတူ ပဲခူးတိုင်းအတွင်းက ရွှေတောင်နဲ့ ပြည်မြို့မှာလည်း ကျေးရွာရပ်ကျေးအာဏာပိုင်တွေနဲ့ ပျူစောထီးတွေက အကြမ်းဖက်စစ်တပ်အတွက် လူရှာပေးပြီး ပိုက်ဆံရှာကြတဲ့ စျေးကွက်တစ်ခု လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်အတွက် လူငယ်တွေကို နည်းလမ်းမျိုးစုံနဲ့ ဖမ်းဆီးခေါ်ဆောင်ရင်း ရောင်းစားနေတာဖြစ်ပြီး စစ်မှုထမ်းလူစားထိုးစျေးကွက်အဖြစ် နာမည်ကြီးနေတာကြောင့် ရွှေတောင်ပကဖက အရေးယူသွားမယ်လို့လည်း ပြောထားပါတယ်။

သြဂုတ်လအတွင်း တနင်္သာရီ၊ စစ်ကိုင်း၊ ပဲခူး၊ မန္တလေး၊ မကွေးနဲ့ ကရင်၊ ရခိုင်၊ မွန်စတဲ့ ဒေသတွေမှာ အလင်းဝင်စစ်သား ၁၇၀ ရှိခဲ့ရာမှာ စစ်မှုထမ်းတပ်သား ၅၉ယောက်အထိ ပါဝင်ခဲ့တယ်လို့လည်း ပြည်သူ့ပန်းတိုင်က ဖော်ပြထားပါတယ်။

အဲ့ဒီအထဲ ပခုက္ကူကနေ ပေါက်မြို့ကိုသွားတဲ့ အင်အားထောင်ချီပါ စစ်ကြောင်းကနေ စစ်အင်အား ၁၀၀နီးပါး တော်လှန်ရေးအင်အားစုတွေထံ အလင်းဝင်ရောက်သွားရာမှာ အများစုက စစ်မှုထမ်းတွေဖြစ်တယ်လို့လည်း ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။
တော်လှန်ရေးအင်အားစုတွေကတော့ အလင်းဝင်ရောက်လာမယ့်သူတွေကို ကြိုဆိုလက်ခံနေကြောင်းနဲ့ မြန်မြန်ဆန်ဆန် ဝင်ရောက်ကြဖို့ကိုလည်း တိုက်တွန်းထားကြပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာပြည်အလယ်ပိုင်းနဲ့ ပဲခူးအနောက်ခြမ်းမှာ ဖြစ်ပေါ်လာနိုင်တဲ့ မြို့သိမ်းတိုက်ပွဲများ

မြန်မာပြည်အလယ်ပိုင်းမှာ မြို့ပြအထိ အချိန်မရွေးတိုက်ပွဲတွေဖြစ်လာနိုင်ပြီး မြို့သိမ်းဆိုတဲ့ အခြေအနေအထိ ရှိလာနိုင်ကြောင်း တော်လှန်ရေးအင်အားစုတွေဘက်ကအခုရက်ပိုင်းအတွင်းပြောကြားမှု တွေများပြားလာပါတယ်။
Read More

စိတ်ဖြောင့်ဖြောင့် ခရီးမသွားလာရဲတော့သည့် စစ်ကောင်စီအရာရှိများ

အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်တွေဟာ မြန်မာနိုင်ငံရဲ့ နေရာဒေသအသီးသီးမှာ တိုက်ပွဲတွေ ဆင်နွှဲနေကြတာ ၄ နှစ် ပြည့်မြောက်တော့မှာပဲ ဖြစ်ပါတယ်။ 
Read More

စစ်ကောင်စီ၏ အသက်သွေးကြောဖြစ်ပေမယ့် ဘေးကင်းနေဆဲ ကပစ စက်ရုံများ

စစ်ကောင်စီအတွက် လူသတ်လက်နက်တွေ ထုတ်လုပ်နေပေးတဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ စက်ရုံ) တွေဟာ မြန်မာနိုင်ငံတွင်း တိုင်းဒေသတွေမှာတည်ရှိနေပြီး အထူးသဖြင့် မြန်မာပြည်အလယ်ပိုင်းဒေသတွေမှာ ကပစ စက်ရုံများစွာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။
Read More

လိင်ငရဲခန်းမှ ထွက်ပြေးခဲ့ရသည့် ကျောင်းသားတစ်ဦး

မြန်မာပြည်မှာ စစ်အာဏာသိမ်းမှုကြောင့် အစိုးရဝန်ထမ်းတွေ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လုပ်ကြသလို ကျောင်းသားကျောင်းသူတွေလည်း အစိုးရကျောင်းတွေမှာ ဆက်မတက်ဘဲ CDM လုပ်ကြပါတယ်။
Read More

“နောက်ကနေ သေနတ်တွေနဲ့ ထောက်ထားတာကိုး” (စစ်မှုထမ်းဖို့ ပေါ်တာဆွဲခံရပြီးနောက် ထွက်ပြေးလွတ်မြောက်လာသူရဲ့ ပြန်လည်ပြောပြချက်)

ကိုမြင့်ဟာ ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်က ရွာဘက်မှာ နေထိုင်တဲ့အသက်၂၀ အရွယ် သာမာန်လူငယ်လေးတစ်ယောက်ပါပဲ။ စစ်ကောင်စီကိုသဘောမကျပေမယ့် စစ်မှုထမ်းဥပဒေကို ရှောင်လွှဲဖို့ရာ ကိုမြင့်တစ်ယောက် မတတ်နိုင်ခဲ့ပါဘူး။
Read More

ငှက်ကင်မရရင် ငှက်သိုက်ကို ဖြိုပစ်မယ့် FPV ဒရုန်း (သို့မဟုတ်) ခေတ်သစ်စစ်ပွဲတွေရဲ့ အဓိက လက်နက်တစ်ခု

လက်ရှိမှာ ဖြစ်ပွားနေတဲ့ ခေတ်သစ်စစ်ပွဲတွေမှာ ငွေကြေးကုန်ကျမှုများတဲ့ တိုက်လေယာဉ်တွေရဲ့ အခန်းကဏ္ဍဟာ အရေးပါနေဆဲဖြစ်ပေမယ့် ငွေကုန်ကြေးကျ သက်သာပြီး ကိုင်တွယ်ရတာ လွယ်ကူတဲ့ FPV ဒရုန်းတွေရဲ့ ကဏ္ဍဟာလည်း အလွန်အရေးပါလာပြီး၊ အထူးသဖြင့် ပဋိပက္ခဖြစ်ရာဒေသတွေမှာ အပြိုင်အဆိုင် အသုံးပြုလာကြပြီပဲဖြစ်ပါတယ်။