တိုင်းရင်းသားပြည်သူတရပ်လုံးရဲ့ ခုခံတော်လှန်စစ်ကြောင့် အသက်ထွက် ပြိုဆင်းဖို့ တာဆူနေတဲ့ မြန်မာစစ်တပ်က ဒေသတွင်းနိုင်ငံတွေရဲ့ စစ်ရေး၊ နိုင်ငံရေး၊ ငွေကြေးနဲ့ လက်နက်အကူအညီတွေကို ပြန်လည်ရရှိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။

“ခုခံတော်လှန်စစ်ဟာ အကြမ်းဖက် မြန်မာစစ်တပ်ရဲ့ လက်တံခြေတံတွေကို ရိုက်ချိုးပစ်နိုင်တဲ့အထိ စွမ်းရည်ထက်မြက်ခဲ့ပါတယ်။ ဒါ့ကြောင့်လည်း အကြမ်းဖက် မြန်မာစစ်တပ်ရဲ့ အင်အားချိနဲ့မှုဟာ အသက်ထွက် ပြိုပျက်လုနီးပါး အခြေအနေအထိ ရောက်ခဲ့တာတွေ့ရပါတယ်။ အသက်ထွက် ပြိုဆင်းဖို့ တာဆူနေတဲ့ အကြမ်းဖက် မြန်မာစစ်တပ်ဟာ ဒေသတွင်းနိုင်ငံတွေရဲ့ စစ်ရေး၊ နိုင်ငံရေး၊ ငွေကြေးနဲ့ လက်နက်အကူအညီတွေကို ပြန်လည်ရရှိနေတာပဲဖြစ်ပါတယ်။ ” လို့ ယာယီသမ္မတက ပြောကြားထားပါတယ်။

မိမိအကျိုးစီးပွားကို ရှေးရှုပြီး အကြမ်းဖက်စစ်တပ်ကို စစ်ရေးနည်းပညာတွေ ထောက်ပံ့ပေးနေတဲ့ ဒေသတွင်းနိုင်ငံတွေအနေနဲ့ တိုင်းရင်းသား ပြည်သူတွေကို မျှော်လင့်ချက်မဲ့ အခြေအနေမျိုးဖြစ်အောင် မလုပ်ဖို့ အနူးအညွတ် မေတ္တာရပ်ခံလိုကြောင်း ဒူဝါလရှီးလက ပြောဆိုထားပါတယ်။

“ဒေသတွင်းနိုင်ငံတွေဟာ ဒုက္ခနဲ့ နေ့တိုင်း အချိန်တိုင်း ယှဉ်တွဲဖြတ်သန်းနေရတဲ့ ပြည်သူလူထုရဲ့ မျက်နှာကို မကြည့်ဘဲ မိတ်ဟောင်းဆွေဟောင်း စစ်အာဏာရှင်တွေရဲ့ မျက်နှာကို ပိုကြည့်နေပါတယ်။ ဒါဟာ လူထုခုခံ တော်လှန်စစ်အတွက် စိတ်မကောင်းစရာကိစ္စ တစ်ခုဖြစ်ပါတယ်။ ဒေသတွင်းနိုင်ငံတွေဟာ မိမိတို့ရဲ့ အကျိုးစီးပွားကို ရှေ့ရှုပြီး အကြမ်းဖက် မြန်မာစစ်တပ်ကို စစ်ရေးနည်းပညာတွေ အကူအညီ အထောက်အပံ့ပေးနေတာတွေ့ရလို့ စိတ်မကောင်းဖြစ်မိပါတယ်။ ဒေသတွင်းနိုင်ငံများအနေဖြင်လည်း ကျွန်တော်တို့ တိုင်းရင်းသားပြည်သူလူထုကို မျှော်လင့်ချက်မဲ့ အခြေအနေမျိုးဖြစ်အောင်၊ မလုပ်ဖို့ ကျနော့်အနေနဲ့ ထပ်မံပြီး အနူးညွှတ် မေတ္တာရပ်ခံလိုပါတယ်” လို့ NUG ယာယီသမ္မတက ပြောကြားထားပါတယ်။

နွေဦးတော်လှန်ရေးဟာ အကဲဆတ်တဲ့ နိုင်ငံရေးမိုးသက်မုန်တိုင်းတွေကို ဖြတ်သန်းနေရကြောင်း တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးကို တင်ပြချင်တယ်လို့လည်း ယာယီသမ္မတ က ပြောဆိုထားပါတယ်။

“ကျနော်တို့ဟာ နိုင်ငံရေးလောကဓံတွေနဲ့ ကြုံတွေ့ရပြီး တော်လှန်ရေး မိုးသက်မုန်တိုင်းတွေကြားမှာ ရှင်သန်ရုန်းကန်နေကြရပါတယ်။ ခုခံတော်လှန်စစ်မှာ နိမ့်လိုက်မြင့်လိုက်နဲ့ တရွေ့ချင်း ရှေ့ကို တက်လှမ်းနေပါတယ်။ နိုင်ငံရေးအချိုးအကွေ့တွေ၊ တော်လှန်ရေးလှိုင်း အနိမ့်အမြင့်တွေကို ဖြတ်သန်းရင်း “ရှေ့နှစ်လှမ်းတိုး – နောက်တစ်လှမ်းဆုတ်” အခြေအနေနဲ့ ရှေ့ဆက်နေကြရပါတယ်။ ခုခံတော်လှန်စစ်မှာ အတိုးအဆုတ်၊ အတက်အကျနဲ့ အနိမ့်အမြင့်တွေ ဘယ်လောက်ပဲ ရှိရှိ၊ ကျနော်တို့ဟာ ပန်းတိုင်ကို မျက်ခြေမပြတ်ဘဲ စူးစူးစိုက်စိုက် တက်လှမ်းနေကြောင်း ပြည်သူလူထု တရပ်လုံးကို တင်ပြချင်ပါတယ်” လို့ ယာယီသမ္မတက ပြောဆိုထားပါတယ်။

နွေဦးတော်လှန်ရေး အင်အားစုတွေဟာ တိုင်းရင်းသားတော်လှန်ရေးမဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းရေးအတွက် ခုခံတော်လှန်စစ်ကို ရွတ်ရွတ်ချွံချွံ ပါဝင်ဆင်နွှဲနိုင်ခဲ့သလို တောင်တန်းနဲ့ ပြည်မဟာ အဖိနှိပ်ခံယန္တရား လက်အောက်မှာ တပြေးညီ နှိပ်စက်ညှင်းပန်းခံနေရတာကြောင့် လူထုဟာ မိမိကိုယ်ကို ခုခံပိုင်ခွင့်ကို အသုံးပြုပြီး ခုခံတော်လှန်မှုကို ပြုခဲ့တာဖြစ်တယ်လို့ ယာယီ သမ္မတက ပြောဆိုထားပါတယ်။

ဒါ့အပြင် တောင်တန်းနဲ့ ပြည်မဟာ လက်နက်ကို သဘောကျလွန်းလို့ လက်နက်ကိုင်ခုခံတော်လှန်စစ်ကို ဆင်နွှဲရတာ မဟုတ်ဘူးဆိုတာ သတိချပ်ကြဖို့ လိုပြီး စစ်အာဏာရှင်စနစ်ရဲ့ နှိပ်စပ်ညှင်းပန်းမှုကို ခံရလွန်းလို့ မခံမရပ်နိုင်ဖြစ်ပြီး မိမိကိုယ်ကို ကာကွယ်ဖို့ ကြိုးစားကြရတာဖြစ်တယ်လို့လည်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုထားပါတယ်။

ဖိနှိပ်ညှင်းဆဲခြင်း ကင်းလွတ်မှုကို အာမ,ခံနိုင်တဲ့ အချိန်တစ်ခုမှာ လူထုဟာ လက်နက်နဲ့ ဝေးဝေးနေပြီး ငြိမ်းငြိမ်းချမ်းချမ်းနေလိုတဲ့ စိတ်ဆန္ဒ အပြည့်အဝရှိကြောင်း နားလည်ထားသလို စစ်အာဏာရှင် ယန္တရား ကြီးတစ်ခုလုံးကို တုန်လှုပ်ခြောက်ခြားစေခဲ့တဲ့ လူထုရဲ့ ခုခံတော်လှန်စစ်ဟာ လက်နက်နဲ့ အနိုင်ကျင့်မှုကို ပြည်သူလူထုတရပ်လုံးက အလိုမရှိဘူး၊ လက်မခံဘူးဆိုတာ လက်တွေ့ ကာယကံမြောက် ပြသလိုက်တဲ့ ဖြစ်စဉ်ကြီး ဖြစ်တယ်လို့လည်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက်မှာ အကြမ်းဖက်စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီး ပေါက်ကွဲလို့ ဒေသခံ၂ယောက် သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက်မှာ အကြမ်းဖက်စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ဒေသခံ၂ယောက် သေဆုံးကာ ၃ ယောက် ဒဏ်ရာတွေရရှိခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

မြိုင်မြို့နယ်၊ ကန်နီရွာက ပျူစောထီး ၃ ဦး မိသားစုနှင့်အတူ အလင်းဝင်လာ… ကန်နီရွာ ပျူခေါင်းဆောင်က မိန်းမပျိုများကို လက်နက်ဖြင့် ခြိမ်းခြောက်သားမယားပြုကျင့်နေဟု ဆို….

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီကျေးရွာက ပျူစောထီး ၃ ယောက် မိသားစုနဲ့အတူ ထွက်ပြေးအလင်းဝင်လာခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင် တပ်ရင်း ၁၅ က မနေ့က ထုတ်ပြန်ပါတယ်။
Read More

KNDF တပ်ရင်းအမှတ် (၂၂) မှ တပ်ရင်းရှိ ရဲဘော်အားလုံးအတွက် စစ်ယူနီဖောင်း တပ်ဆင်ပေးခဲ့

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်းအမှတ် (၂၂) အနေနဲ့ တပ်တွင်းရှိ တပ်ဗိုလ်၊ တပ်မှူးတွေနဲ့ ရဲဘော်တွေ အားလုံးအတွက် စစ်ယူနီဖောင်းတွေကို တပ်ဆင်ဝေမျှပေးခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဟန်ပြအပစ်ခတ်ရပ်ထားသည့် စစ်ကောင်စီ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်၏ ဌာနချုပ်ဧရိယာကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်

အပစ်ရပ်ကြေညာထားတဲ့ စစ်ကောင်စီဟာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)ရဲ့ ဌာနချုပ်ဧရိယာကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် - PNLO က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွေးကောက်ပွဲအတွက် လုပ်စရာတွေ ကျန်သေးလို့ဆိုပြီး မင်းအောင်လှိုင် အရေးပေါ်ကာလ နောက်ထပ် ၆လ သက်တမ်းတိုး

စစ်အာဏာသိမ်းမှု ၄နှစ်ပြည့်ဖို့ တစ်ရက်သာ လိုတော့တဲ့ အချိန်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းပြည်ကို အရေးပေါ်ကာလ ၆လ သက်တမ်း ထပ်တိုးလိုက်တယ်လို့  သိရပါတယ်။
Read More

ကွတ်ခိုင်မြို့ကို စစ်ကောင်စီ ဗုံးကြဲမှုဟာ ရှမ်းမြောက် စစ်မီးပြန်လည်လောင်ကျွမ်းမှု အန္တရာယ်ကို တိုက်ရိုက်မြှင့်တင်လိုက်ခြင်း ဖြစ်ကြောင်း MNDAA ပြော

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ပေါ် လူနေရပ်ကွက်ကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုဟာ “စစ်ပြေငြိမ်းရေး” ကို စစ်မက်အရိပ်အာဝါသ ဖုံးလွှမ်းသွားခဲ့တယ်လို့ ကိုးကန့်တပ်မတော် (MNDAA) က ဒီနေ့မှာ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။