အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲဟာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အဖြေ မဟုတ်ဘဲ ပြည်တွင်းစစ်ကို သက်ဆိုးရှည်အောင် လောင်စာထည့်ပေးသလို ဖြစ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်ပါတယ်။

ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း (၄) နှစ်ပြည့်နေ့အတွက် ပြောကြားတဲ့ မိန့်ခွန်းမှာ ယာယီသမ္မတ ဒူဝါလရှီးလက ထည့်သွင်းပြောကြားခဲ့တာပါ။

အတုအယောင် ရွေးကောက်ပွဲဟာ အကြမ်းဖက်စစ်ခေါင်းဆောင်တွေက လက်နက်နဲ့ သိမ်းယူထားတဲ့ နိုင်ငံတော်အာဏာကို လူထုတရားဝင်မှုနဲ့ ပေါင်းစပ်ဖို့ ကြိုးစားနေတာသာဖြစ်တယ်လို့ ဒူဝါလရှီးလက ပြောပါတယ်။

“အတုအယောင်ရွေးကောက်ပွဲဟာ လူထုအတွက် ထွက်ပေါက် မဟုတ်ဘဲ လူထုအတွက် ထောင်ချောက်ဖြစ်နေပါတယ်။ အကြမ်းဖက် မြန်မာစစ်ခေါင်းဆောင်တွေဟာ လက်နက်နဲ့ သိမ်းယူထားတဲ့ နိုင်ငံတော်အာဏာကို လူထုတရားဝင်မှုနဲ့ ပေါင်းစပ်ဖို့ အတုအယောင်ရွေးကောက်ပွဲကျင်းပပြီး ကြိုးစားနေတာတွေ့ရပါတယ်။ ဒေသတွင်းနိုင်ငံ တွေအနေနဲ့လည်း အတုအယောင်ရွေးကောက်ပွဲကို နိုင်ငံရေးအရ အားပေးထောက်ခံနေတာတွေက တွေ့ရပါတယ်။ ဒါဟာ ကျနော်တို့ နိုင်ငံမှာ ရေရှည်ငြိမ်းချမ်းတည်ငြိမ်ဖို့အတွက် မဟုတ်ဘဲ ပဋိပက္ခနဲ့ ယဉ်ပါးအောင် တွန်းအားပေးနေတယ်ဆိုတာကို သတိချပ်စေချင်ပါတယ်။ အတုအယောင် ရွေးကောက် ပွဲဟာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အဖြေ မဟုတ်ဘဲ၊ ပြည်တွင်းစစ်ကို သက်ဆိုးရှည်အောင် လောင်စာထည့်ပေးသလို ဖြစ်နေပါတယ်။” လို့ ယာယီသမ္မတက ပြောကြားထားပါတယ်။


ဒေသတွင်းနိုင်ငံတွေအနေနဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် ပြုလုပ်မယ့် ရွေးကောက်ပွဲကို နိုင်ငံရေးအရ အားပေးထောက်ခံနေပြီး မိတ်ဟောင်းဆွေဟောင်း အာဏာရှင်မျက်နှာကိုသာ ငဲ့ကွက်နေတယ်လို့လည်း NUG ယာယီသမ္မတ က ပြောဆိုထားပါတယ်။

“ဒေသတွင်းနိုင်ငံတွေအနေနဲ့လည်း စစ်အာဏာရှင်တွေရဲ့ မျက်နှာကို မကြည့်ဘဲ မြန်မာပြည်သူတစ်ရပ်လုံးရဲ့ မျက်နှာကို ငဲ့ဖို့ လေးနက်စွာ တောင်းဆိုချင်ပါတယ်။ ဒါ့အပြင် ကျနော်တို့ နိုင်ငံရဲ့ အနာဂတ်လမ်းပြမြေပုံဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဖြစ်ထွန်းပေါ်ပေါက်ဖို့ ဝိုင်းဝန်းကူညီပေးပါလို့ တိုက်တွန်းလိုပါတယ်။ ကျနော်တို့ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရေးဟာ ပြည်သူလူထုတစ်ရပ်လုံး အပါအဝင် ဒေသတွင်းနိုင်ငံတွေရဲ့ ကူညီအားပေးမှုကို ရရှိမှသာ ပိုမိုမြန်ဆန်စွာအောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ ” လို့ ပြောဆိုထားပါတယ်။

နွေဦးတော်လှန်ရေးရဲ့ ခုခံတော်လှန်စစ်ဟာ လက်ရှိအချိန်မှာ အခက်အခဲ အတားအဆီးတွေ ကြုံတွေ့နေရပေမယ့် မလျော့သောဇွဲနဲ့ တော်လှန်ရေးပန်းတိုင်ကို ဆက်လက်ဆုပ်ကိုင်ပြီး အတူဝိုင်းဝန်းချီတက်ကြဖို့ ထပ်မံတိုက်တွန်းသလို အနစ်နာခံ ပေးဆပ်ခဲ့မှုတွေကို ထိရောက်အောင် အဆုံးစွန်ထိ တော်လှန်ရေးပန်းတိုင် မရောက်မချင်း အလျှော့မပေးဘဲ ဆက်လက်ချီတက် တိုက်ပွဲဝင်မယ်လို့လည်း ယာယီသမ္မတဒူဝါလရှီးလ က ပြောဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်မှုထမ်းဥပဒေနဲ့ စုဆောင်းခံရပြီး ရဲဖြစ်လာသူ လက်နက်နဲ့တကွ အလင်းဝင်

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ကုတင် ၁၀၀ ဆေးရုံမှာ လုံခြုံရေးတာဝန်ကျနေတဲ့ မိတ္ထီလာရဲတပ်ရင်း (၃၅) က ရဲတပ်သား ၁ယောက်ဟာ Southern YSO PDF ထံ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့မှာ လက်နက်နဲ့တကွ အလင်းဝင်ရောက်လာကြောင်း တပ်ဖွဲ့တာဝန်ခံ ကိုအောင်မောင်း က မောင်းကိုပြောပါတယ်။
Read More

ဆားလင်းကြီးမြို့မရဲစခန်းကနေ လက်နက်နဲ့ အလင်းဝင်လာခဲ့တဲ့ ရဲတပ်သားကို Salingyi Revolution Eagles က ဂုဏ်ပြုဆုငွေ ပေးအပ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့မ အကြမ်းဖက်ရဲစခန်းက လက်နက်အပြည့်အစုံနဲ့ အလင်းဝင်လာတဲ့ ရဲတပ်သားကို ဂုဏ်ပြုဆုငွေ ပေးအပ်ခဲ့တယ်လို့ Salingyi Revolution Eagles က ထုတ်ပြန်ပါတယ်။
Read More

ထီးလင်းမှာ အကြမ်းဖက်စစ်တပ်က ရော့ကတ်တွေ၊ ဗုံးသီးတွေနဲ့ ကြဲချလို့ အမျိုးသမီး ၁ယောက်သေဆုံးပြီး ၉ယောက် ထိခိုက်ဒဏ်ရာရ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့ ရော့ကတ်ဗုံးသီးတွေထဲ မပေါက်ကွဲသေးတာတွေရှိနေသေးတယ်လို့ ယောအလင်းတန်းအဖွဲ့က ပြောပါတယ်။
Read More

တောင်ဒဂုံက စစ်မှုထမ်းစာရင်းမှာ ပါတဲ့ ဘုန်းကြီးရဲ့ညီဖြစ်သူ တိမ်းရှောင်နေလို့ ဘုန်းကြီးကို လူဝတ်လဲပြီး စစ်မှုထမ်းဖို့ ခေါ်ဆောင်သွား…

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ် ၅၄ ရပ်ကွက်၊ နွယ်နီလမ်းက စစ်မှုထမ်းစာရင်းထဲ ပါသူတစ်ယောက်ကို ရပ်ကွက်အုပ်ချုပ်ရေးမှုးနဲ့အပေါင်းအပါတွေက စစ်မှု့ထမ်းဖို့ လာခေါ်ချိန်မှာ ညီဖြစ်သူမရှိတာကြောင့် အစ်ကိုဖြစ်တဲ့ ဘုန်းကြီးဝတ်နေသူကို သင်္ကန်းချွတ်ကာ လူဝတ်လဲပြီး စစ်မှု့ထမ်းဖို့ ခေါ်ဆောင်သွားတယ်လို့ ရပ်ကွက်နေ ဒေသခံတွေဆီက သိရပါတယ်။
Read More

TRI ဗျူဟာမှူးက ဗျူဟာရှိရဲဘော်များ ရဲစွမ်းသတ္တိနှင့် စိတ်ဓာတ်တက်ကြွစေရန် စိတ်ဓာတ်မြှင့်တင်ရေး အားပေးစကားများပြောကြားခြင်းနှင့် International Humanitarian Law အကြောင်း သင်တန်းပို့ချခဲ့…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁၂၂၂ တပ်ရင်း(TRI) ဗျူဟာရဲ့ ဗျူဟာမှူးက (TRI)ဗျူဟာရှိ ရဲဘော်ရဲဘက်တွေကို ရဲစွမ်းသတ္တိနဲ့ စိတ်ဓာတ်တက်ကြွမှုတွေ မြင့်တက်စေဖို့ ရည်ရွယ်ပြီး စိတ်ဓာတ်မြှင့်တင်ရေး နဲ့ အားပေးစကားတွေ ပြောကြားခဲ့ကာ ( TRI )ဗျူဟာရဲ့ တပ်တွင်းစစ်စည်းကမ်းတွေ၊ ဥပဒေများတွေအကြောင်း သင်တန်းပို့ချမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရေဦးတွင် ကင်းလှည့်ထွက်လာသည့် စစ်ကောင်စီတပ်ကို ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်…

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်မှာ ကင်းပတ်ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ် (၁၄) တပ်ရင်း - ပြည်သူ့ကာကွယ်ရေးတပ်မတော် (ရေဦး) က ဒီနေ့ ထုတ်ပြန်ပါတယ်။