ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာ့အရေးဆွေးနွေးဖို့ တံခါးပိတ်အစည်းအဝေးတစ်ရပ်ကို နိုဝင်ဘာ ၂၀ ရက်နေ့က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
အရပ်သားတွေကို အကာအကွယ်ပေးရေး အဓိကဆွေးနွေးသွားဖို့ ယူကေက ခေါ်ယူတာဖြစ်ပြီး အာဆီယံနဲ့ ကုလသမဂ္ဂတို့က ခန့်အပ်ထားတဲ့ မြန်မာအရေးအထူးကိုယ်စားလှယ်တွေ တက်ရောက်မယ်လို့ ယူကေရဲ့ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ်က အစည်းအဝေးမတိုင်ခင်မှာ ပြောခဲ့ပါတယ်။
မြန်မာစစ်တပ်ဟာ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း အမြင့်ဆုံးသော လေကြောင်းတိုက်ခိုက်မှုတွေကို လွန်ခဲ့တဲ့ သုံးလအတွင်း ပြုလုပ်ခဲ့ကြောင်း၊ နိုင်ငံလူဦးရေရဲ့ သုံးပုံတစ်ပုံကျော်ဟာ အသက်ရှင်ဖို့ လက်ရှိမှာ လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေကြောင်း ယူကေသံအမတ်ကြီး Barbara Woodward က နိုဝင်ဘာ ၂၀ ရက်နေ့မှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။
ဒါ့အပြင် စစ်တပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ခါတိုင်းနှစ်တွေတုန်းကထက် လက်ရှိမှာ ဖောက်ခွဲရေးပစ္စည်းတွေ၊ မြေမြှုပ်မိုင်းတွေနဲ့ လက်နက်ကြီးတွေကို ပိုမိုအသုံးပြုခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုတွေကို ဆန့်ကျင်ရှုတ်ချကြောင်း Woodward က ပြောပါသေးတယ်။
ဒါ့အပြင် စစ်တပ်ဟာ အရပ်သားတွေကို ပေးပို့မယ့် အကူအညီတွေကို ပိတ်ပင်ထားပြီး ကာကွယ်ဆေးအပါအဝင် ဆေးဝါးတွေ ပြတ်တောက်နေတာကြောင့် ကာလဝမ်းနဲ့ အခြားကာကွယ်လို့ရတဲ့ ရောဂါတွေနဲ့ လူတွေသေဆုံးနေရတယ်လို့ သူမကပြောဆိုပြီး ဒီအတွက် “စစ်တပ်က တာဝန်ခံရမယ်။ ကောင်စီအနေနဲ့ အရေးယူရမယ့် အချိန်ဟာလည်း အတော်နှောင်းနေပြီ” လို့ ထောက်ပြထားပါတယ်။
“သက်ဆိုင်သူတွေအားလုံး အရပ်သားတွေအပေါ် အကြမ်းဖက်မှုကို ရပ်တန့်ဖို့၊ နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေအောက်က တာဝန်ဝတ္တရားတွေအတိုင်း လိုက်နာဆောင်ရွက်ဖို့၊ စစ်တပ်ကို လက်နက်နဲ့ လောင်စာ မထောက်ပံ့ဖို့ တောင်းဆိုခဲ့တဲ့” ဖြေရှင်းချက်မူကြမ်းတစ်စောင်ကို ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ယူကေက တင်သွင်းခဲ့တာပါ။
ဒါ့အပြင် “အာဆီယံရဲ့ ဘုံသဘောတူညီချက်ငါးရပ်ကို အပြည့်အဝအကောင်အထည်ဖော်ဖို့နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ တိုးမြှင့်ပေးဖို့” ကိုလည်း အဆိုပါ မူကြမ်းမှာ တောင်းဆိုထားပါတယ်။
အဲဒီမူကြမ်းပါတောင်းဆိုချက်တွေကို ကောင်စီအဖွဲ့ဝင် နိုင်ငံအများစု လက်ခံကြပြီး အာဆီယံကလည်း ကုလသမဂ္ဂနဲ့ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုထားပေမယ့် နိုင်ငံတချို့က အနှောင့်အယှက်ဖြစ်နေကြောင်း၊ သူတို့တွေ ပူးပေါင်းပါဝင်လာအောင် ဆက်လက် တွန်းအားပေးသွားမှာဖြစ်ကြောင်း တရုတ်နဲ့ရုရှားတို့ကို အဓိကရည်ညွှန်းပြီး သူမက ပြောသွားပါတယ်။
မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း “စစ်ကောင်စီဟာ နိုင်ငံတကာ ရာဇ၀တ်မှုတွေကို ကျူးလွန်နေတာ မရပ်ဘူး။ အရပ်သားတွေအပေါ် တရားလက်လွတ် ဗုံးကြဲတိုက်ခိုက်တာ၊ ရွာတွေကို မီးရှို့တာ၊ အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ မတရားဖမ်းဆီးချုပ်နှောင်တာ၊ လိင်ပိုင်ဆိုင်ရာနဲ့ ဂျန်ဒါအခြေပြု အကြမ်းဖက် နှိပ်စက်တာ၊ အတင်းအကြပ် စစ်မှုထမ်းခိုင်းတာ စတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအားလုံးနဲ့ တရားဥပဒေ စိုးမိုးမှု အပြည့်အဝမရှိတော့ဘဲ စစ်ကောင်စီက မီးမွှေးနေတဲ့ နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုတွေကြောင့် မြန်မာပြည်သူတွေဟာ မကြုံစဖူး ကြီးမားတဲ့ဆင်းရဲဒုက္ခတွေ ခံစားနေရပါတယ်” လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် “နိုင်ငံအချို့ရဲ့ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် ပံ့ပိုးမှုတွေကြောင့် စစ်ကောင်စီဟာ အခုလို ကြီးလေးတဲ့ ပြစ်မှုတွေကို ကျူးလွန်နိုင်တာဖြစ်တယ်” လို့ ဦးကျော်မိုးထွန်းကလည်း တရုတ်နဲ့ ရုရှားတို့ကို အဓိက ရည်ညွှန်း ပြောဆိုခဲ့ပါတယ်။
“လူသားဆန်တဲ့အနေနဲ့ ဒီကနေ့ မြန်မာ့အရေး သီးသန့်အစည်းအဝေးကနေ ကျနော်တို့ရဲ့ ပြည်သူတွေကို မျှော်လင့်ချက်တချို့ ဆောင်ကြဉ်းပေးကြပါ” လို့ သူက ကောင်စီအဖွဲ့ဝင်တွေကို တိုက်တွန်းထားပါတယ်။
ပုံစာ – ယူကေသံအမတ်ကြီး Barbara Woodward
0 Shares:
You May Also Like
Read More

ငါ့သရောက်တွင် စစ်အုပ်စုနှင့် တိုက်ပွဲဖြစ်နေချိန် အရပ်သားများ ရောနှောသွားသဖြင့် တော်လှန်ရေးတပ်များ ပြန်ဆုတ်ခဲ့

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့နယ်ခွဲမှာ ရဲစခန်းက ထွက်လာတဲ့ စစ်အုပ်စုကို စောင့်ကြိုတိုက်ခိုက်​ရင်း တိုက်ပွဲအတွင်း အရပ်သားတွေ ရောနှောလာတာကြောင့် အရပ်သားထိခိုက်မှုမရှိရအောင် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း မန်းဘခိုင် ပုဂံညောင်ဦးအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ထုတ်ပြန်ပါတယ်။
Read More

ကိုထိန်လင်းနှင့် နယူးယောက်ရှိ မြန်မာများ တွေ့ဆုံပွဲမှ ကန်ဒေါ်လာ ၅၂၀၀၀ ကျော်ရရှိ၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများအတွက် အသုံးပြုမည်

အမေရိကန်နိုင်ငံကို Suu 80th Birthday Campaign အတွက် ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် Kim Aris (ခေါ်) ကိုထိန်လင်းဟာ နယူးယောက်ရှိ မြန်မာပြည်သူတွေနဲ့ မတ်လ ၁၅ ရက်နေ့မှာ တွေ့ဆုံခဲ့ပါတယ်။  
Read More

စလင်း အနောက်ခြမ်းမှာ စစ်ကြောင်းခွဲဝင်လာတဲ့ အကြမ်းဖက်စစ်တပ် ကြားဖြတ်တိုက်ခံရပြီး ၆ယောက်သ၊ ၇ယောက်ထက်မနည်း ဒဏ်ရာရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့အနောက်ဘက်ခြမ်းမှာ စစ်ကြောင်းခွဲဝင်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ မင်းဘူးခရိုင်တပ်ရင်း ၅ တို့ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၆ ယောက် သေဆုံးကာ ဗိုလ်အပါအဝင်  ထိခိုက်ဒဏ်ရာရသူ ၇ ယောက်ထက်မနည်း ရှိခဲ့ကြောင်း မင်းဘူးခရိုင် ၊ အမှတ် ၅ တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

တောင်သာမှာ အင်အား ၇၀ ခန့်ပါ စစ်ကြောင်းကို တိုက်ခိုက်၊ စစ်တပ်က ၂ ယောက်သေပြီး ၈ ယောက် ဒဏ်ရာရ…

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အင်အား ၇၀ ခန့်ပါ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ ၂ ယောက်သေပြီး ၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင်အမှတ် (၃) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

KNU ထံပို့မယ့် လက်နက်တချို့ ဘန်ကောက်မှာ ဖမ်းမိဟုဆို

ကရင်အမျိုးသားအစည်းအရုံး(KNU) ထံပေးပို့မယ်ဆိုတဲ့ လက်နက်ပစ္စည်းတွေကို ဘန်ကောက်မြို့က ကွန်ဒိုတခုမှာ ထိုင်းရဲတွေက ဧပြီလ ၂၅ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်း Khaosod မှာ ဖော်ပြပါတယ်။
Read More

အရပ်သားများကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့သည့် ပျူစောထီး၊ အုပ်ချုပ်ရေးဝန်ထမ်းများကို အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း အရှင်ဖမ်းဆီးရမိထား

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း အရပ်သားတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီလက်အောက်ခံ မြို့နယ်ဝန်ထမ်းတွေနဲ့ ပျူစောထီးတွေကို အရှင်ဖမ်းဆီးရမိထားကြောင်း အင်းတော်စစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။