မြန်မာ့နွေဦးတော်လှန်ရေးကို အမြန်ဆုံး အဆုံးသတ်အောင်မြင်နိုင်ရေးအတွက် အင်အားသစ်တွေ စုစည်းခိုင်မာရေးက အဓိကအကျဆုံး အချက်ဖြစ်တာကြောင့် အထူးတိုင်းစစ်ဌာနအနေနဲ့ တပ်ရင်း (၈၀၀၁) Ye Guerrilla Force (YGF) နဲ့ ဒရုန်းတပ်ဖွဲ့ (၁၈၁၉) Flying Focus Drone Force (FFDF) တို့ကို အတည်ပြုတိုးချဲ့ဖွဲ့စည်းကြောင်း ကြေညာလိုက်ပါတယ်။
လက်ရှိ အထူးတိုင်းစစ်ဌာနရဲ့ ကွပ်ကဲမှုအောက်မှာ နည်းဗျူဟာ (၅) ခု ရှိပြီး တရားဝင် ကွပ်ကဲမှု ခံယူထားတဲ့ တိုက်ခိုက်ရေးတပ်ရင်း (၁၁) ရင်းနဲ့ စစ်ဆင်ရေးတွေကို ဖော်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် ရန်ကုန်၊ ပဲခူး၊ မွန် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေရဲ့ တိုက်ခိုက်ရေးစစ်ကြောင်း (၃) ကြောင်းနဲ့ ဒရုန်းလက်ရုံးတပ်ဖွဲ့ (၅) ဖွဲ့တို့ဟာလည်း တိုင်းစစ်ဌာနရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက်မှာ တာဝန်ထမ်းဆောင်လျက်ရှိတယ်လို့ အထူးတိုင်းစစ်ဌာနကနေ ဆိုထားပါတယ်။
လက်ရှိမှာလည်း အင်အားတောင့်တင်း ခိုင်မာစေဖို့အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်ရဲ့ လမ်းညွှန်ချက်တွေနဲ့ အညီ အမှတ် (၈၀၀၁) တပ်ရင်းနဲ့ အမှတ် (၁၈၁၉) ဒရုန်းတပ်ဖွဲ့ တို့ကို စစ်ရုံးချုပ်ကနေ စိစစ်လက်ခံခဲ့တယ်လို့ သိရပါတယ်။
“အမှတ် (၈၀၀၁) တပ်ရင်းက လက်ရှိ ရေး-ထားဝယ်ဒေသမှာ အမှတ် (၃၃) နည်းဗျူဟာကွပ်ကဲမှုနဲ့ စစ်ရေးဆောင်ရွက်မှာဖြစ်ပြီး အမှတ် (၁၈၁၉) ဒရုန်းတပ်ဖွဲ့ကတော့ တိုင်းစစ်ဌာနတိုက်ရိုက်စစ်ဆင်ရေးကွပ်ကဲမှုနဲ့ လိုအပ်တဲ့နေရာတွေမှာ လှုပ်ရှားစစ်ဆင်ရေး ဆောက်ရွက်ရမှာပါ” လို့ အထူးတိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားက မောင်းကို ပြောပါတယ်။

ဒါ့အပြင် တိုင်းစစ်ဌာနအနေနဲ့ ကပဖ တိုက်ခိုက်ရေးစစ်ကြောင်းတွေကိုလည်း PDF တွေနဲ့မခြား လေ့ကျင့်စုဖွဲ့နေပြီး စစ်ရေးတွေမှာ အားလုံးအတူ ပူးပေါင်းလျက်ရှိတယ်လို့ သိရပါတယ်။
“တပ်ရင်းတွေ ထပ်မံတိုးချဲ့ဖွဲ့စည်းမိခြင်းက အင်အားတွေပိုတောင့်ပြီး အမိန့်ပေးကွပ်ကဲမှုလည်း ပိုထိရောက်တယ်၊ စစ်ဆင်ရေးအကောင်အထည်ဖော်အောင်မြင်ဖို့ အကောင်းဆုံး အလားအလာတစ်ခုပါ” လို့ ရဲဘော်အောင်စံရှားက ဆိုပါတယ်။
အခုလို ကွပ်ကဲမှုစနစ် (COC) နဲ့အညီ တပ်ရင်းတပ်ဖွဲ့တွေ တိုးချဲ့ဖွဲ့စည်းခြင်းဟာ ခိုင်မာအားကောင်းတဲ့ တိုင်းစစ်ဌာနတစ်ခုဖြစ်ရေးအတွက် ရည်မှန်းချက်တစ်ရပ်ဖြစ်ပြီး တော်လှန်ရေးအတွက် လိုအပ်တဲ့ အခြေအနေကောင်းတွေကို ဖန်တီးတည်ဆောက်ခြင်းဖြစ်တယ်လို့လည်း တိုင်းစစ်ဌာနက ပြည်သူလူထုထံ အသိပေးထုတ်ပြန်ထားပါတယ်။