ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းနဲ့ ပြည်အစပ် ပေါက်ခေါင်းမြို့နယ်ထဲက ချောင်းကောင်းကျေးရွာမှာ အထိုင်ချတပ်စွဲနေတဲ့ စစ်ကော်မရှင်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၄ ယောက် သေဆုံးပြီး ၂ ယောက် အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ပြည်ခရိုင်၊ အမှတ် (၂) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၂၈ ရက်၊ မနက် ၁၀ နာရီဝန်းကျင်အချိန်က ချောင်းကောင်းကျေးရွာ၊ အေးဘုရားအနီးမှာ အင်အား ၅၀ ခန့်နဲ့ လက်နက်ကြီးတွေ တပ်ဆင်ကာ အထိုင်ချတပ်စွဲနေတဲ့ စစ်ကော်မရှင်တပ်သားတွေကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
“သူတို့က တပ်စွဲထားတာ ကြာပြီလို့ ပြောရမယ်။ အရင်ကတော့ တပ်စွဲလိုက် ပြန်ဆုတ်လိုက်ပေါ့နော်။ အခုကတော့ လက်နက်ကြီးပါ အထိုင်ချလိုက်တယ်။ ပြည်မြို့နယ်မှာ လူကြီးလာတာပဲ ဖြစ်ဖြစ်၊ ဝန်ကြီးလမ်းကြောင်းပဲ ရှိရှိပေါ့နော် အဲ့လိုဆို အမြဲတမ်း လာလာထိုင်ကြတဲ့ နေရာပါ။ အခုကတော့ ရွေးကောက်ပွဲ ကာလဆိုတော့ သူတို့တွေ လာထိုင်ကြတယ်။ အဲ့အချိန်မှာ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်” လို့ ပြည်ခရိုင်၊ အမှတ် (၂) တပ်ရင်း သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ရဲဘော် Red Star က မောင်းကို ပြောပါတယ်။
တိုက်ပွဲဟာ ၁၅ မိနစ်ခန့်ကြာမြင်ခဲ့ပြီး တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကော်မရှင်တပ်သား ၄ ယောက် သေဆုံးကာ ၂ ယောက် ပြင်းထန်ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၂၁) ဗျူဟာ၊ ပြည်ခရိုင် တပ်ရင်း (၂)၊ တပ်ခွဲ (၃) နဲ့ ပြည်ခရိုင် တပ်ရင်း (၁)၊ တပ်ခွဲ (၃) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ချောင်းကောင်းကျေးရွာဟာ စစ်တပ် ကျင်းပခဲ့တဲ့ အတုအယောင် ရွေးကောက်ပွဲ အပိုင်း (၁) မှာ ရွေးကောက်ပွဲ မပြုလုပ်နိုင်တဲ့ ကျေးရွာစာရင်းထဲ ပါဝင်နေတယ်လို့လည်း သိရပါတယ်။