ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) ဒုတိယဥက္ကဋ္ဌ (၁) ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က တော်လှန်ရေးအင်အားစုတွေ ရန်သူကို လက်နက်အင်အားနဲ့ ယှဉ်ပြိုင်ဖို့ထက် အမှန်တရားပေါ်မှာ အခြေခံတဲ့ စုစည်းညီညွတ်မှုနဲ့ အောင်ပွဲဖော်ဆောင်ကြဖို့ တိုက်တွန်းပြောဆိုလာပါတယ်။
ဒီဇင်ဘာ ၃၀ ရက်နေ့ မနေ့က ပြုလုပ်ခဲ့တဲ့ ချင်းညီနောင် (Chin Brotherhood) ဖွဲ့စည်းတည်ထောင်ခြင်း (၂) နှစ်ပြည့် အခမ်းအနားကို ပေးပို့တဲ့ မိန့်ခွန်းမှာ အခုလို ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က တော်လှန်ရေးဟာ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေဖို့ လိုအပ်သလို အချင်းချင်း စုစုစည်းစည်း၊ နားလည်မှုအပြည့်နဲ့ အချိတ်အဆက်မိမိ ဆောင်ရွက်ဖို့ အရေးကြီးကြောင်းကို အလေးပေး ပြောဆိုခဲ့တာဖြစ်ပါတယ်။
“တော်လှန်ရေးလို့ပြောတာကတော့ မတရားမှုကို တွန်းလှန်တဲ့ ဝေါဟာရဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ဟာ တော်လှန်ရေးသမားတွေ ဖြစ်တယ်လို့ ခံယူတာနဲ့အညီ ကျနော်တို့က မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေဖို့လိုအပ်ပါတယ်။ နောက်တစ်ချက်ကတော့ စုစည်းဖို့ အရေးကြီးပါတယ်။ ရန်သူကို ကျနော်တို့က လက်နက်အင်အား အခြားသောအင်အားများနဲ့ ယှဉ်ဖို့ဆိုတာ ခက်ခဲပါတယ်။ အမှန်တရားပေါ်မှာ ရပ်တည်ပြီး ကျနော်တို့ စုစည်းတဲ့ ခွန်အားကသာလျှင် တကယ့်ခွန်အား အစစ်အမှန် ဖြစ်ပါတယ်။ ဒါ ကျနော်တို့ အမြဲတမ်း သတိချပ်ဖို့ လိုပါတယ်” လို့ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်က ပြောခဲ့ပါတယ်။

တိုက်ပွဲတွေ ဆင်နွှဲရာမှာ စခန်းသိမ်းနိုင်ခြင်း၊ အနိုင်ရခြင်းနဲ့ အရေးနိမ့်ခြင်းတွေ ရှိနိုင်ပေမယ့် တော်လှန်ရေေရဲ့ နောက်ဆုံးရလဒ်မှာ “အောင်ပွဲ” သာ ဖြစ်ရမယ်လို့ ဆိုပါတယ်။
အဲဒီအောင်ပွဲရဲ့ ပန်းတိုင်ဟာ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဖြစ်ကြောင်းနဲ့ တော်လှန်ရေးအင်အားစုများကြားမှာ တူညီတဲ့ ရည်မှန်းချက်ပန်းတိုင် ရှိကြမယ်လို့ ယုံကြည်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
လက်ရှိ နွေဦးတော်လှန်ရေးကို အခင်းအကျင်းသစ်တစ်ခုအဖြစ် ရှုမြင်ဖို့နဲ့ လက်နက်ကိုင် တော်လှန်ရေးတစ်ခုတည်းကိုသာ လုပ်ဆောင်နေတာ မဟုတ်ဘဲ အနာဂတ်နိုင်ငံတော်ကိုပါ တပါတည်း တည်ဆောက်နေတာဖြစ်တာကြောင့် စစ်တိုက်ခြင်းသာမက ပြည်သူ့ဝန်ဆောင်မှုပေးခြင်းနဲ့ အုပ်ချုပ်ခြင်းဆိုင်ရာ ကဏ္ဍတွေမှာလည်း ကျွမ်းကျင်သူတွေကို စုစည်းပြီး မဟာဗျူဟာမြောက် စီမံကိန်းတွေနဲ့ ဦးဆောင်ဖို့ လိုအပ်ကြောင်းကိုလည်း ထောက်ပြပြောဆိုခဲ့ပါတယ်။
အဖွဲ့အစည်းတွေအကြားမှာ “ဘယ်သူက အထက်၊ ဘယ်သူက အောက်” ဆိုတဲ့ အတွေးအခေါ်တွေကို ဖယ်ရှားဖို့နဲ့ အဖွဲ့အစည်းတွေအကြား သပ်လျှိုဖြိုခွဲမှုတွေကို နားမယောင်ကြဖို့ကိုလည်း သတိပေးထားပါတယ်။