ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ပြုလုပ်ပြီးစီးခဲ့တဲ့ အတုအယောင် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း တစ်ယောက်သာ အနိုင်ရခဲ့တဲ့ ပြည်သူ့ပါတီရဲ့ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ရွေးကောက်ပွဲ မပြိုင်တာထက်စာရင် ပြိုင်တာက ကိုယ်စားပြုခွင့် အထိုက်အလျောက် ရတယ်လို့ ပြောဆိုလိုက်ပါတယ်။
အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲအတု ကျင်းပနေပြီး ဒါဟာ တရားမဝင်တာမို့ ပြည်သူအများစုနဲ့ တော်လှန်ရေးအင်အားစုတွေက ဆန့်ကျင်ကန့်ကွက်နေကြချိန် ဦးကိုကိုကြီးကတော့ အဲဒီရွေးကောက်ပွဲကို ငြင်းပယ်လိုက်ရင် ဖြစ်နိုင်ခြေအားလုံးကို စွန့်လွှတ်လိုက်တာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
“ရွေးကောက်ပွဲဆိုတာ ပြိုင်ပွဲတစ်ခုလိုမျိုး ပြောမယ်ဆိုရင် ဝင်မပြိုင်ရင် ဒီရွေးကောက်ပွဲကို ငြင်းပယ်လိုက်ရင် ဖြစ်နိုင်ခြေ နိုင်ခြေ လုံးဝ စွန့်လွှတ်လိုက်တာ ဖြစ်ပါတယ်။ ဝင်ရောက်ယှဥ်ပြိုင်တဲ့အတွက်ကြောင့် အထိုက်အလျောက် အောင်မြင်မှုရလာတဲ့နေရာတွေဟာ မပြိုင်တာထက်စာရင် ကိုယ်စားပြုခွင့် အထိုက်အလျောက် ရရှိလာတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာတော့ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်မှာဆိုရင် အခုချိန်ထိ မဲစာရင်းအတိအကျ ရလဒ်ကို မကြေညာနိုင်သေးပေမယ့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တစ်ယောက် ကျနော်တို့ အနိုင်ရရှိခဲ့ပါတယ်” လို့ ဆိုပါတယ်။
ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီက အမတ်လောင်း ဒေါ်စန်းစန်းသွယ်ဟာ မြိတ်မြို့နယ်မှာ ရှားရှားပါးပါး အနိုင်ရခဲ့ပေမယ့် ကြံ့ခိုင်ရေးပါတီက ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်တိုင်ကြားထားသေးတာ ဖြစ်ပါတယ်။ မြိတ်မြို့နယ်၊ ပသောင်းကျေးရွာအုပ်စု၊ ပသောင်းမဲရုံမှာ မဲစာရင်းစစ်ဆေးပေးတဲ့ ဆရာမက မဲပေးသူ ၂ ယောက်ကို ပြည်သူ့ပါတီကို မဲပေးဖို့ လက်ညှိုးထိုး ညွှန်ပြခဲ့တယ်ဆိုပြီး တိုင်ကြားထားတာပါ။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲ ပထမအသုတ်မှာ ပြည်သူ့ပါတီက တစ်ယောက် အနိုင်ရခဲ့ပေမယ့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) လိုမျိုး ကိုယ်စားလှယ်တစ်ယောက်မှ အနိုင်မရဘဲ နိုင်ငံရေးသိက္ခာ ဗြန်းဗြန်းကွဲခဲ့တဲ့ ပါတီတွေလည်း ရှိခဲ့ပါတယ်။

ရွေးကောက်ပွဲအတုက စစ်တပ်လက်အောက်ခံ ကြံ့ခိုင်ရေးပါတီကိုသာ အနိုင်ပေးလိမ့်မယ်ဆိုတာ အားလုံးကြိုသိနေချိန်မှာတောင် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသူတွေဟာ အခုတော့ ကြံ့ခိုင်ရေးပဲ အနိုင်ရနေလို့ဆိုပြီး ဝေဖန်ပြစ်တင်တာတွေလည်း ရှိနေပါတယ်။
ကြိုတင်မဲကောက်ယူရာမှာ ပါတီတွေကို အသိပေးခြင်းမရှိခြင်း၊ မဲပေးသူအရေအတွက် နည်းပါးခြင်း စတဲ့ အကြောင်းအမျိုးမျိုးပြကာ ညစ်ပတ်တဲ့ စစ်တပ်ရဲ့ ရွေးကော်ပွဲမှာ အနိုင်ရလိုရငြား မျှော်လင့်နေကြတာ ဖြစ်ပါတယ်။
“တချို့နေရာတွေမှာဆိုရင် ထောင်နဲ့ချီ မဲဆန္ဒရှင်တွေ ရှိပါလျက်နဲ့ အနိုင်ရတဲ့ မဲပမာဏက တစ်ရာကျော်လောက်နဲ့ အနိုင်ရသွားတာတွေကို ကြည့်ရင် မဲမပေးတဲ့သူတွေရဲ့ စိတ်ဆန္ဒတွေ ပါမသွားဘူးဆိုတာကို ကျနော်တို့ သတိပြုမိပါတယ်။ ဒါကြောင့်မို့ ဒုတိယအသုတ်နဲ့ တတိယအသုတ်တွေမှာ ချိတုံချတုံဖြစ်နေရင်တောင်မှ ငါတို့ရဲ့ ဆုံးဖြတ်ချက်ဟာ ဒီရလဒ်ကို ပြောင်းပစ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ယုံယုံကြည်ကြည်နဲ့ ပြည်သူ့ပါတီကို မဲပေးကြဖို့ တိုက်တွန်းချင်ပါတယ်”လို့လည်း ဦးကိုကိုကြီးက ပြောခဲ့ပါတယ်။