စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ အုန်းတောရွာ ဖွံ့ဖြိုးရေးကျောင်းဝင်းအတွင်း အတုအယောင်ရွေးကောက်ပွဲ ပြုလုပ်နေချိန် စစ်အုပ်စုကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆောက်အအုံတချို့ ပျက်စီးပြီး စစ်သားတွေ ထိခိုက်မှုရှိခဲ့တယ်လို့ Generation Z Power က သတင်းထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၂၈ ရက်က စစ်ကိုင်းမြို့ အုန်းတောရွာ ဖွံ့ဖြိုးရေးကျောင်းဝင်းထဲရှိ စစ်အုပ်စုကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျောင်းအုပ်ကြီးနေအိမ်နဲ့ ကတုတ်ကျင်းတွေ ထိခိုက်ပျက်စီးပြီး စစ်ကော်မရှင်တပ်သားတွေ အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အထိနာသွားတဲ့ စစ်အုပ်စုက လက်နက်ငယ်တွေ ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။
အဆိုပါတိုက်ခိုက်မှုကို Generation Z Power – GZP (Mandalay) ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျားတပ်ဖွဲ့ နဲ့ တော်လှန်ရေးမဟာမိတ်အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Video – Generation Z Power