ကျင်းပပြီးစီးခဲ့တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲ အပိုင်း (၁) ဟာ မဲပေးသူ အရေအတွက် အင်မတန် နည်းပါးပြီး မဲစာရင်းမှားတယ်လို့ စစ်တပ် စွပ်စွဲတဲ့ ၂၀၂၀ ရွေးကောက်ပွဲ မဲပေးမှုနှုန်းနဲ့ အဆမတန် ကွာခြားကြောင်း နိုင်ငံတကာမီဒီယာတွေက ပြောဆိုနေကြချိန် တရုတ်ကတော့ စစ်တပ် ရွေးကောက်ပွဲ အောင်မြင်စွာ ပြီးစီးခဲ့တယ်လို့ ပြောပါတယ်။
စစ်တပ်ရဲ့ အဆိုပါ ရွေးကောက်ပွဲအတုဟာ အကြမ်းဖက် မင်းအောင်လှိုင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ကြား ထားရှိတဲ့ သဘောတူညီမှုဖြစ်သလို မြန်မာ့ပြည်တွင်းရေးလည်းဖြစ်တယ်လို့ တရုတ်ရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် တိန့်ရွှီကျင်းက ပြောဆိုလိုက်တာပါ။
အကြမ်းဖက်စစ်တပ်ရဲ့ ရွေးကောက်ပွဲအတု အပိုင်း (၁) ကို လေ့လာခဲ့ကြသူတွေရဲ့ မှတ်ချက်ပေးတဲ့ အခမ်းအနားမှာ အခုလို ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောဆိုခွင့်ရှိသူ လင်ကျန့်ကလည်း စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ အပိုင်း (၁) တည်ငြိမ်အေးချမ်းစွာ ပြီးဆုံးခဲ့တယ်လို့ ဒီဇင်ဘာ ၂၉ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတကာမီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။
နိုင်ငံတကာ သတင်းစာမျက်နှာတွေမှာ စစ်တပ်ရဲ့ ရွေးကောက်ပွဲက ပြည်သူတွေရဲ့ စိတ်အားထက်သန်မှု၊ စိတ်ပါဝင်စားမှုမရဘဲ မဲပေးသူ အင်မတန်နည်းကြောင်း၊ ဟန်ပြရွေးကောက်ပွဲတစ်ခုဖြစ်ပြီး ပြောင်းလဲမှု ဘာမှဖြစ်လာမှာ မဟုတ်ကြောင်း ပြောဆိုနေကြချိန် တရုတ်ကတော့ စစ်တပ်ရဲ့ ရွေးကောက်ပွဲအတု အပိုင်း (၁) အောင်မြင်ကြောင်း၊ အပိုင်း (၂) နဲ့ (၃) လည်း ဆက်လက်အောင်မြင်မယ်လို့ ယူဆကြောင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၂၈ ရက်နေ့က ပြုလုပ်ပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲအတု အပိုင်း (၁) မှာ အများက ကြိုတင်သိရှိထားတဲ့အတိုင်း စစ်တပ်လက်ပါးစေ ကြံ့ခိုင်ရေးပါတီက စစ်ဗိုလ်ချုပ်ဟောင်းတွေသာ အနိုင်ရရှိခဲ့ကြတာလည်း ဖြစ်ပါတယ်။