ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ကံသုံးဆင့်ရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်က ၂ယောက် သေဆုံးပြီး စစ်အသုံးအဆောင် ပစ္စည်းတချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၆၊ ဧရာညီနောင်တပ်ဖွဲ့ထံက သိရပါတယ်။
ဒီဇင်ဘာလ ၂၇ ရက် ညနေ ၅ နာရီဝန်းကျင်အချိန်မှာ ကံသုံးဆင့်ကျေးရွာကို စစ်တပ်စစ်ကြောင်း ရောက်ရှိလာပြီလို့ သတင်းရတာကြောင့် ဧရာညီနောင်တပ်ဖွဲ့က ဦးဆောင်ပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“သူတို့က စစ်ကြောင်းထိုးပြီး မဲရွေးပွဲအတွက် ကာဖို့ လာတာပေါ့။ အဲဒီကို ရောက်ပြီလည်း သတင်းကြားရော ကျနော်တို့က သွားပြီးတော့ ဆီးကြိုတိုက်ခိုက်တဲ့ သဘောပေါ့နော်။ သူတို့ရောက်ပြီး ၁နာရီကျော်မှာ သူတို့ ဘုန်းကြီးကျောင်းကို ဝင်ရုံပဲရှိသေးတယ်။ ကျနော်တို့ ရဲဘော်တွေက ပိတ်ဆို့ တိုက်ခိုက်ခဲ့တာ” လို့ တပ်ရင်း ၃၈၀၁ ရဲ့ ဒုတပ်ရင်းမှူး ဦးညီက မောင်းကို ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုမှာ စစ်တပ်ဘက်က ၂ ယောက် သေဆုံးခဲ့ပြီး စစ်အသုံးအဆောင် ပစ္စည်းတချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
အလားတူ ဒီဇင်ဘာလ ၂၇ ရက်နေ့ ညနေ ၄ နာရီခွဲ အချိန်မှာပဲ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၂ ဖီးနစ်တပ်ဖွဲ့က ဦးဆောင်ပြီး တောင်ညိုကွက်သစ်စခန်း အနီးမှာရှိတဲ့ ကွင်းကျယ်ကျေးရွာဘေးမှာ တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
“အဲဒီတိုက်ပွဲမှာတော့ စကမတွေဘက်က ပျူတွေရော၊ စကမ တပ်သားတွေရော ၁၀ ယောက်ကျော် ကျတယ်လို့ သတင်းအတိအကျ ရထားပါတယ်။ ၂၇ ရက်နေ့ ညနေကိုပဲ နတ်တလင်းမှာက တဖွဲ့၊ ဒီဘက်မှာက တဖွဲ့ပေါ့နော်။ တညနေတည်း တချိန်တည်းမှာ ၂ ပွဲ ဖြစ်တာပါ” လို့ တပ်ရင်း ၃၈၀၁ ဒုတပ်ရင်းမှူး ဦးညီက ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာတော့ စစ်တပ်ထံမှာ ကျောပိုးအိတ်တွေ အများအပြားရခဲ့ပြီး မောင်းပြန်သေနတ် ၁လက်၊ ၆၀ မမ ဗုံးသီးတွေနဲ့ အီနာဂါ ဗုံးသီးတွေလည်း ရရှိခဲ့တယ်လို့ သိရပါတယ်။

