ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်အတွင်း အတုအယောင်ရွေးကောက်ပွဲပြုလုပ်နေချိန် စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ Battalion 808 – Nay Pyi Taw PDF က သတင်းထုတ်ပြန်ထားပါတယ်။
ရေတာရှည်မြို့နယ်အတွင်း အတုအယောင်ရွေးကောက်ပွဲ အပိုင်း ၁ ပြုလုပ်နေချိန် အောင်ချမ်းသာကျေးရွာနဲ့ တခွဲကျဲကျေးရွာမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ကြပါတယ်။
ဒီဇင်ဘာ ၂၈ ရက်က ရေတာရှည်မြို့အနီး အောင်ချမ်းသာကျေးရွာမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်သားတွေ အထိနာကာ ဆုတ်ခွာထွက်ပြေးသွားတယ်လို့ သိရပါတယ်။
အဲဒီနောက် စစ်ကော်မရှင်တပ်ဘက်ကနေ စစ်ကူအင်အားဖြည့်တင်းပြီး တခွဲကျဲကျေးရွာဘက်ကို လက်နက်ကြီးနဲ့ စက်လက်ပစ်ကူသုံးကာ ထပ်မံထိုးစစ်ဆင်လာတဲ့အတွက် တော်လှန်ရေးတပ်တွေ မဆုတ်တမ်း ခုခံတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲမှာ စစ်ကော်မရှင်တပ်သားတွေ ၄ ယာက်သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
စစ်ကော်မရှင်တပ်ဘက်ကနေ ၁၂၀ မမ လက်နက်ကြီးနဲ့ စက်လက်ပစ်ခတ်မှုကြောင့် အရပ်သား အမျိုးသမီး ၁ ယောက် သေဆုံးကာ ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူနဲ့ တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေကို တပ်ရင်း ၈၀၈ ရဲဘော်တွေက လိုက်လံကယ်ထုတ်ခဲ့ပြီး ဆေးကုသပေးခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါတိုက်ခိုက်မှုကို နေပြည်တော်တပ်ရင်း ၈၀၂၊ ၈၀၆၊ ၈၀၇၊ ၈၀၈၊ တပ်ရင်း ၃၅၀၄ နဲ့ ရေတာရှည် ပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Video – Battalion 808 – Nay Pyi Taw PDF