အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲအတု အပိုင်း (၁) ဟာ ပြည်သူတွေရဲ့ စိတ်ဝင်စားမှု၊ စိတ်အားထက်သန်မှု၊ စည်ကားမှုတွေ မရှိဘဲ တိတ်ဆိတ်ခြောက်ကပ်မှုနဲ့အတူ မနေ့က ပြီးဆုံးသွားခဲ့ပါပြီ။
စစ်တပ်ရဲ့ လောင်းရိပ်အောက်မှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲဖြစ်တာနဲ့အညီ မဲရုံတွေမှာ စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေ၊ ရဲတွေနဲ့ အပြာရောင်ဝတ် လုံခြုံရေးတွေသာ အဓိက တွေ့ရပြီး ဆန္ဒမဲပေးတဲ့ ပြည်သူတွေကတော့ အနည်းအကျဥ်းသာရှိခဲ့ပါတယ်။ အဲလို မဲပေးသူတွေထဲမှာမှ စစ်တပ်နဲ့ နီးစပ်သူတွေ၊ ဝင်ရောက်ယှဥ်ပြိုင်တဲ့ ကိုယ်စားလှယ်နဲ့ ရင်းနှီးသူတွေ ပါနေပါသေးတယ်။
လူဦးရေ ထူထပ်တဲ့ ရန်ကုန်မြို့က မဲရုံတစ်ရုံမှာဆိုရင် မဲပေးခွင့်ရှိသူ ၁၄၀၀ ကျော်ရှိတဲ့ထဲက လူ ၅၀၀ ကျော်သာ လာရောက်မဲပေးတာကြောင့် ၃၇ ရာခိုင်နှုန်းအောက်သာ မဲလာပေးတာတွေ့ရတယ်လို့ AP သတင်းဌာနက ပြောပါတယ်။
ရန်ကုန်တိုင်း အလုံမြို့နယ်မှာဆိုရင်လည်း မဲပေးသူ ရာခိုင်နှုန်းက မျှော်မှန်းသလောက် များပြားမှုမရှိဘဲ ခန့်မှန်း၂၅ ရာခိုင်နှုန်းနဲ့ ၃၀ ရာခိုင်နှုန်းဝန်းကျင်သာ တွေ့ရတယ်လို့ ပြည်သူ့ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရဲကျော်စွာက ဆိုရှယ်မီဒီယာ အင်တာဗျုးတစ်ခုမှာ ပြောဆိုထားပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းမှုတွေ ရှိနေတယ်လို့ အကြောင်းပြပြီး အာဏာသိမ်းခဲ့တဲ့ စစ်တပ်ရဲ့ လက်ရှိရွေးကောက်ပွဲအတုမှာလည်း မဲစာရင်း ၃ကြိမ် ထွက်ရာမှာ တစ်ကြိမ်နဲ့တစ်ကြိမ် နံပါတ်မတူလို့ ပြန်ရှာနေရတာတွေရှိသလို ဒုတိယအကြိမ်မှာ မဲစာရင်းပါပြီး နောက်ဆုံးအကြိမ်မှာ ပါမလာတာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်လော်ဘီ ကျော်စိုးဦး ကိုယ်တိုင်က လက်ရှိ ရွေးကောက်ပွဲဟာ အပိုင်း ၃ပိုင်း ခွဲပြီး ကျင်းပတာကြောင့် ၂၀၂၀ လောက် မဲပေးမှု မများသလို ၃ ပိုင်းမခွဲဘဲ တစ်ပိုင်းတည်း ပေါင်းပြီးကျင်းပရင်လည်း ၂၀၂၀ ရွေးကောက်ပွဲလောက် မဲပေးမှု မများနိုင်ဘူးလို့ ဝန်ခံပြောဆိုခဲ့ပါတယ်။
ဒီဇင်ဘာ ၂၈ ရက် မနေ့က မြို့နယ် ၁၀၂ ခုမှာ ကျင်းပခဲ့တဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲအတု အပိုင်း ၁ ဟာ စစ်တပ်လက်အောက်မှာ ကျင်းပတဲ့အတွက် တရားမျှတမှုရှိပါ့မလားလို့ မေးခွန်းတွေ ထွက်ပေါ်နေချိန် မဲပေးသူ အရေအတွက် အင်မတန် နည်းပါးခဲ့ကြောင်း၊ ၂၀၂၀ ခုနှစ်တုန်းက ကိုဗစ်-၁၉ ကန့်သတ်ချက်တွေကြား ကျင်းပခဲ့ရတဲ့ ရွေးကောက်ပွဲတွေလောက်တောင် မဲပေးသူ မရှိကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြထားပါတယ်။
ရွေးကောက်ပွဲအတု အပိုင်း (၁) ခြောက်ကပ်ကပ်နဲ့ ပြီးဆုံးသွားပြီးတဲ့နောက် အာဏာသိမ်းစစ်တပ်ဟာ အပိုင်း (၂) နဲ့ အပိုင်း (၃) ကို လာမယ့် ဇန်နဝါရီ ၁၁ ရက်နဲ့ ၂၅ ရက်နေ့တွေမှာ ကျင်းပသွားဖို့ ရှိနေပါတယ်။