မကွေးတိုင်း၊ ချောက်မြို့နယ်ကို စစ်ကူလာတဲ့ စစ်ကော်မရှင်ယာဥ်တန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ် အရာရှိအပါအဝင် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ စစ်ရေးတာဝန်ခံဆီက သိရပါတယ်။
ဒီဇင်ဘာ ၂၃ ရက် မနက် ၆နာရီလောက်မှာ စစ်ကော်မရှင်တပ်သားတွေ ရေနံချောင်းကနေ ချောက်မြို့နယ်ထဲ ကား ၃စီးနဲ့ ထွက်လာချိန် ချောက်မြို့နယ် အမှတ် (၃) ပြည်ထောင်စုလမ်းပိုင်း တစ်နေရာအရောက်မှာ စစ်ကော်မရှင်တပ်သားတွေ လိုက်ပါစီးနင်းလာတဲ့ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုကြောင့် ယာဉ်တန်းမှာ လိုက်ပါစီးနင်းလာတဲ့ စစ်အုပ်စုတွေထဲက အရာရှိ ၁ ယောက် နဲ့ တပ်သား ၁၁ ယောက် ထိမှန်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ ယာဥ်တန်းဟာ ထိမှန်ပျက်စီးသွားတဲ့အတွက် ဂွေးချိုရွာနားမှာ ရပ်နားလိုက်ရတယ်လို့လည်း သိရပါတယ်။
“ချောက်ကိုထွက်လာတဲ့ စစ်ကူယာဉ်တန်းတွေပါ။ ပထမတစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်မှုမှာ ကား ၃ စီးပေါ့။ လူအင်အား ၇၀ လောက်ပါမယ်လို့ သိရတယ်။ အဲ့ကားတွေ မိုင်းဆွဲတိုက်ခိုက်လိုက်တော့ ဂွေးချိုမှာ သူတို့ယာဉ်တန်းတွေ ရပ်နားသွားရတယ်။ မျက်မြင်တွေ့ရှိချက်တွေအရ ကားပေါ်မှာ ကားဘေးပတ်ချာလည်မှာ သွေးကွက်တွေ မြင်ခဲ့တာတွေရှိတယ် ”လို့ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ စစ်ရေးတာဝန်ခံ ကိုပိုင်က မောင်းကိုပြောပါတယ်။

ဒါ့အပြင် မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကော်မရှင်တပ်သားတွေကို လာရောက်ကယ်ထုတ်တဲ့ နောက်ထပ်ကား တစ်စီးကိုလည်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒုတိယအကြိမ်ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် အဆိုပါကားလည်း ဂွေးချိုရွာနားမှာ ထပ်မံရပ်နားလိုက်ရတယ်လို့ ဆိုပါတယ်။
“ရေနံချောင်းဘက်ကနေ ကားတစ်စီးနဲ့ လူတွေကို ပြန်ကယ်ထုတ်ဖို့ တစ်စီးသွားတာကိုလည်း ကျနော်တို့ ဒုတိယအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ် စုစုပေါင်း ၄ စီးလုံးကတော့ ဂွေးချိုမှာပဲ ရပ်နားလိုက်ရပြီး ပြင်ဆင်မှုတွေ ပြုလုပ်လိုက်ရတယ်။ ဒုတိယအနေနဲ့ ကယ်ထုတ်ဖို့သွားတဲ့ ကားဆိုရင်လည်း တစ်ယောက်က လုံးဝကြောက်အားလန့်အားနဲ့ ခွေးစခန်းထဲကိုဝင် ထွက်ပြေးရင်း သတင်းပေးတာတွေရှိတယ်” လို့ ကိုပိုင်က ဆက်ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ချောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ချောက် ပကဖ) နဲ့ မကွေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ဦးဆောင်ပြီး Chauk Guerrilla Force (ချောက်မြို့နယ်ပကဖလက်ရုံးစစ်ကြောင်း)၊ မကွေးခရိုင်ပကဖ တပ်ခွဲ (၁)၊ အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့၊ မကွေးခရိုင် ပကဖ တပ်ခွဲ (၂) မြေလတ်ရေနံ့သာအဖွဲ့ ၊ မကွေးခရိုင် ပကဖ တပ်ခွဲ (၃) Chauk Revolution Force ၊ မကွေးခရိုင် ပကဖ တပ်ခွဲ (၄) ၊ မကွေးခရိုင် ပကဖ တပ်ခွဲ (၅) Chauk Special Attack Force ၊ မကွေးခရိုင်ပကဖ တပ်ခွဲ (၆) သခင်ဖိုးလှကြီးအဖွဲ့ တို့ပူးပေါင်းလုပ်ဆောင်ခဲ့ကြပါတယ်။

