စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အရှေ့ခြမ်းမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုမရှိဘဲ လူစုလူဝေးရှိရာနေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးခဲ့ကြောင်း ခင်ဦးမြို့နယ် ပကဖထံက သိရပါတယ်။
ဒီဇင်ဘာ ၂၇ ရက် နေ့လယ် ၁၂ နာရီ ၄၀ မိနစ်ဝန်းကျင်မှာ မြေနီလျှိုကျေးရွာ အနီးတဝိုက်ကို စစ်တပ်ရဲ့ ဂျက်ဖိုက်တာနဲ့ Mi 35 တစ်စီးဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ Starlink ဆိုင်၊ ထမင်းဆိုင်ခန်းတွေနဲ့ ရပ်နားထားတဲ့ ခရီးသည်တင်ကား၊ ဆီဘောက်ဆာကားတွေကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၉ ယောက် သေဆုံးပြီး ၁၀ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သလို ဆီဘောက်ဆာ၊ ဆီသယ်ကားနဲ့ ကုန်စည်ကား စုစုပေါင်း ၉ စီးထက်မနည်း မီးလောင်ပျက်စီးသွားခဲ့ပါတယ်။





“လေကြာင်းတိုက်ခိုက်မှုဖြစ်ပြီးပြီးချင်း ထိခိုက်ဒဏ်ရာရသူတွေကို အမြန်ဆုံး ကုသမှုခံယူဖို့ စီစဥ်ကြတယ်။ ပြီးတော့ ဒီမှာက ထိခိုက်ဒဏ်ရာတွေ သေဆုံးတာတွေက နယ်မြေခံတွေဆိုတာထက် ခရီးသွားဧည့်သည်တွေ၊ ကုန်စည်ကားသမားတွေ၊ ယာဥ်မောင်းသမားတွေ၊ ယာဥ်နောက်လိုက်တွေ ဖြစ်နေကြတာဆိုတော့ တချို့ကျတော့လည်း ကိုယ့်အစီအစဥ်နဲ့ ကိုယ်ပေါ့နော်။ လုံခြုံရေးအရ အခြားသော မြို့ပြတွေမှာ သွားကြတာမျိုးတွေလည်း ရှိပါတယ်” လို့ ခင်ဦးမြို့နယ် ပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ခင်ဦး-ကန့်ဘလူ နယ်စပ် ကျီကျင်းဘက် ဗျူဟာလမ်းမကြီးကို ပိတ်ဆို့ထားတာ ၁လလောက် ရှိပြီဖြစ်တာကြောင့် ခရီးသွားပြည်သူတွေ တခြားလမ်းက သွားနေချိန် အခုလို တိုက်ခိုက်ခဲ့တာဖြစ်ကာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူတွေထဲမှာ ခြေပြတ် လက်ပြတ် ဖြစ်သွားသူတွေလည်း ရှိတယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၁၈ ရက်နေ့ကလည်း ခင်ဦးမြို့နယ် ဗျူဟာလမ်းပိုင်းကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာ ၄စီး၊ ဂျိုင်ရိုကော်ပတာ ၃ စီးတို့နဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁ယောက် မီးလောင်သေဆုံးပြီး ၆ ယောက် ထိမှန်ဒဏ်ရာရကာ ဆီဘောက်ဆာကားတွေနဲ့ ကုန်စည် ဆိုင်ခန်းတွေ မီးလောင်ပျက်စီးသွားခဲ့ပါသေးတယ်။







