စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့အနောက်ဘက် ကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား မိသားစုဝင် ၂ ယောက် သေဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
ဒီဇင်ဘာ ၂၉ ရက် ဒီမနက် ၁၁နာရီခွဲကျော်လောက်မှာ ဝက်လက်မြို့အနောက်ဘက် လိန်ပင်ရွာအနီးတဝိုက်ကို တံတားဦးလေတပ်က တက်လာတဲ့ စစ်တပ် ဂျက်ဖိုက်တာ တစ်စီးက လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အမျိုးသမီး ၂ ယောက် သေဆုံးကာ အမျိုးသမီး ၃ ယောက်နဲ့ အမျိုးသား ၁ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
“အဲ့နေရာက တိုက်ပွဲလည်းဖြစ်ပွားတာမရှိဘူး။ သက်သက်ကို ပြည်သူပိုင်နေအိမ်ကို ကြဲချသွားတာ။ သေဆုံးသူတွေက မိသားစုဝင်တွေ၊ ဒဏ်ရာရသူတွေက အဲ့မိသားစုဝင်တွေရဲ့ ဆွေမျိုးသားချင်းတွေပဲ” လို့ ဝက်လက်နယ်ခံ ကိုဖေဖော်ဝါရီဝမ်းက မောင်းကို ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်တချို့ မီးလောင်ပျက်စီးသွားပြီး ဒဏ်ရာရသူတွေကိုတော့ ဆေးကုသမှု လုပ်ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။
“လောလောဆယ်ဆယ်ကတော့ စောင့်ကြည့်နေရတယ်.. အမျိုးသမီး ၃ ယောက်နဲ့ အမျိုးသား ၁ ယောက်ကိုတော့။ အဲ့ရွာက အရင်ကလည်း လေကြောင်းကြဲခံရဖူးတယ်။ အဲ့တုန်းက ထိခိုက်သေဆုံးသူတော့ မရှိဘူး။ ရွာသားတွေ သတိနဲ့ နေကြရတယ် ” လို့ အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။
ဒီဇင်ဘာ ၂၃ ရက်နေ့ကလည်း ဝက်လက်မြို့နယ် အရှေ့ခြမ်း ငါးပတ်ချောင်းရွာထဲကို စစ်တပ် ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် လုပ်ဆောင်ခဲ့တာကြောင့် ၃ ယောက်ထက်မနည်း သေဆုံးပြီး နေအိမ်နဲ့ ကားတွေလည်း မီးလောင်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။