တောင်ကိုးရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့ကြတယ်လို့ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) အတွင်းရေးမှူး ကိုလင်းအိမ်က ပြောပါတယ်။
စစ်အာဏာရှင်စနစ် မကျဆုံးမချင်း ဆက်လက်တော်လှန်သွားမယ်လို့ သန္နိဋ္ဌာန်ပြုထားကြတဲ့ ပြည်သူတွေဟာ မြန်မာပြည်မှာ ရွေးကောက်ပွဲကျင်းပဖို့ ကြေညာထားတဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ဆိုးလ်မြို့ရှိ အရပ်ဘက်သံရုံးနဲ့ စစ်ဘက်သံရုံးတွေရှေ့မှာ သတင်းစာရှင်းလင်းပွဲနဲ့ ဆန္ဒပြပွဲတွေကို အသီးသီး ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။
မနက်ပိုင်း ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ညီညွတ်စွာ လက်တွဲလျက် တော်လှန်ရေးတာဝန်တွေကို ဆထက်ထမ်းပိုး တိုးမြှင့်ဆောင်ရွက်သွားမယ့်အကြောင်း ကြေညာခဲ့တယ်လို့ သိရပါတယ်။
စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ ပူးတွဲဥက္ကဋ္ဌ ဦးဝင်းပေါ်မောင်က ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ လူထောင်ချီ ကြိုတင်မဲပေးခဲ့ကြပေမယ့် အခုအခါမှာတော့ မဲပေးသူ တစ်ဦးမျှ မရှိကြောင်း၊ ဒီရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွက် ကောင်းမွန်တဲ့ အလှည့်အပြောင်း ဖြစ်လာမှာ မဟုတ်ကြောင်း ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။
နေ့လယ်ပိုင်းမှာ ဆက်လက်ကျင်းပတဲ့ ဆန္ဒပြပွဲမှာတော့ တောင်ကိုးရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက စစ်အာဏာရှင်စနစ် ရှိနေသမျှ ကာလပတ်လုံး လူထုတော်လှန်ရေး ဆက်ရှိနေမှာဖြစ်ကြောင်းနဲ့ အားလုံး စည်းလုံးညီညွတ်စွာ လက်တွဲကြဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် တော်လှန်ရေး အဖွဲ့အစည်းအသီးသီးရဲ့ တာဝန်ခံတွေကလည်း စစ်အုပ်ရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို ရှုတ်ချကြောင်းနဲ့ သံတမန်တွေအနေနဲ့ ပြည်သူ့ဆန္ဒကို လေးစားဖို့ လိုအပ်ကြောင်း အသီးသီး ဟောပြောခဲ့ကြတယ်လို့ သိရပါတယ်။
ဒီလှုပ်ရှားမှုကို တောင်ကိုးရီးယား NUG ကိုယ်စားလှယ်ရုံးနဲ့ တော်လှန်ရေးအဖွဲ့ပေါင်း ၃၀ ကျော် ပါဝင်တဲ့ “စစ်အုပ်စုရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှု ကော်မတီ” က စီစဉ်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ပြည်သူ ၂၅၀ ခန့် ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
ကော်မတီအနေနဲ့ ဆန္ဒပြပွဲတွေသာမက အွန်လိုင်းဆွေးနွေးပွဲတွေနဲ့ စစ်တမ်းကောက်ယူမှုတွေကိုလည်း ဆက်လက်ပြုလုပ်သွားမှာဖြစ်ပြီး ဆန္ဒပြပွဲမှာတော့ တောင်ကိုးရီးယားနိုင်ငံ မြို့အသီးသီးကနေ လာရောက်ပူးပေါင်းကြသူတွေက ကြွေးကြော်သံတွေနဲ့ အောင်မြင်စွာ ရုပ်သိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှု