ရေတာရှည်မြို့နယ်မှာ ကောက်ယူခဲ့တဲ့ ကြိုတင်မဲတွေအနက် ကြံ့ခိုင်ရေးပါတီက မဲအားလုံးနီးပါး ရရှိနေမှုအပေါ် တရားမျှတမှုမရှိဘဲ တစ်ဖက်သတ်ဆန်တဲ့အတွက် လုံးဝလက်မခံကြောင်း ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ – SNDP) တောင်ငူခရိုင်ဥက္ကဋ္ဌ ဦးကျော်စိုးက ဒီဇင်ဘာ ၂၆ ရက်မှာ သူရဲ့ လူမှုကွန်ရက်ကတဆင့် ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ရေတာရှည်မြို့နယ်ရဲ့ ကြိုတင်မဲစုစုပေါင်း ၁၅၈၃ မဲကို ဖွင့်ဖောက်စစ်ဆေးရာမှာ ကြံ့ခိုင်ရေးပါတီက ၁၄၉၀ မဲအထိ ရရှိခဲ့ပြီး ကျန်ပါတီတွေဖြစ်တဲ့ ကျားဖြူပါတီ၊ တစည၊ ပြည်သူ့ပါတီ၊ တောင်သူလယ်သမားပါတီနဲ့ PPP ပါတီတို့မှာ တစ်ပါတီကို ၂ မဲကနေ ၅ မဲဝန်းကျင်သာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် အခုလို မဲရလဒ် အဆမတန်ကွာဟနေမှုဟာ သဘာဝမကျဘဲ တရားမျှတမှုမရှိဘူးလို့ သူက ပြောဆိုလာတာဖြစ်ပါတယ်။
“တရားမျှတမှုမရှိဘဲ တဖက်သတ်ဆန်ဆန် လုပ်သွားတဲ့ ကြိုတင်မဲကိစ္စနဲ့ ပတ်သက်ပြီး လုံးဝ လုံးဝ လက်မခံကြောင်း ပြောလိုပါတယ်။ ကျနော်တို့ လိုချင်တာသည် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံ ဒီမိုကရေစီပေါ်ပေါက်ရေး လုပ်ဆောင်နေခြင်းသာဖြစ်ပါသည်”
“ပြည်သူ့လွတ်တော်ကိုယ်စားလှယ်မှာ ၂မဲထဲ ရရှိပါတယ်။ ကြံ့ခိုင်ရေးပါတီက ၁၄၉၀ တိတိရရှိပါတယ်။ ကျွန်တော်တို့ ကျားဖြူပါတီဟာ ၂မဲထဲရပြီး အရှက်ကွဲခဲ့ပါတယ်။ တရားမျှတမှုရှိမယ်ဆိုရင် မျှတမှုရှိတဲ့ အရေအတွက်တော့ ပါတီတိုင်းမှာ ရနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” လို့ ကျားဖြူပါတီ တောင်ငူခရိုင်ဥက္ကဋ္ဌ ဦးကျော်စိုးက ဆိုထားတာဖြစ်ပါတယ်။

လုပ်ငန်းစဉ်ပိုင်းဆိုင်ရာမှာလည်း ကြိုတင်မဲကောက်ယူမယ့်ရက်ကို ပါတီထံ ကြိုတင်အသိပေးခြင်း မရှိခဲ့သလို မဲပုံး လုံခြုံရေးကြိုးချည်နှောင်တဲ့အခါမှာလည်း ပါဝင်ခွင့်မရခဲ့ဘူးလို့ ပြောပါတယ်။
တစ်ဖက်မှာလည်း စစ်တပ်က ပြုလုပ်တဲ့ ရွေးကောက်ပွဲအပေါ် လက်မခံကြောင်း ဒီဇင်ဘာလလယ်ပိုင်းက ရေတာရှည်မြို့နယ်မှာ ဒေသခံပြည်သူ ၅၀၀ ကျော်က လမ်းပေါ်ထွက် ဆန္ဒပြခဲ့ပါသေးတယ်။
ကျားဖြူပါတီ တောင်ငူခရိုင်ဥက္ကဋ္ဌ ဦးကျော်စိုးက “တရားမျှတမှု မရှိဘူးလို့ တောင်ငူခရိုင်ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ ပြောလိုပါတယ်။ နိုင်ငံတော် သမ္မတသိအောင်လည်း Tik Tok ပေါ်ကသော်လည်းကောင်း၊ ဗဟိုစာတိုက်ကြီးမှ နိုင်ငံတော် ဝန်ကြီးချုပ်ထံသော်လည်းကောင်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး ဦးမင်းအောင်လှိုင်ထံသော်လည်းကောင်း၊ ယာယီသမ္မတ ဦးမင်းအောင်လှိုင်သော်လည်းကောင်း စာများအသီးသီး ပို့ဆောင်မည်ဖြစ်ပါကြောင်း အတိအလင်းအကြောင်းကြားအပ်ပါတယ် ခင်ဗျာ” လို့ ထုတ်ပြောလာတာဖြစ်ပါတယ်။
လက်ရှိ အတုအယောင် ရွေးကောက်ပွဲမှာ ကျားဖြူပါတီက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကိုယ်စားလှယ် ၅၈၄ ယောက် ဝင်ရောက်ယှဉ်ပြိုင်နေပေမယ့် စစ်အုပ်စုရဲ့ ကြိုတင်မဲမသမာမှုတွေကြောင့် အငြင်းပွားမှုတွေ စတင်ပေါ်ပေါက်နေပြီ ဖြစ်ပါတယ်။