မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ ရိက္ခာပို့လာတဲ့ တပ်မ (၉၉) စစ်ကြောင်းက စစ်မှုထမ်းတပ်သား ၁ ယောက် လက်နက်ခဲယမ်းတွေ ယူဆောင်ပြီး ထွက်ပြေးခိုလှုံလာတယ်လို့ TYK ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
အလင်းဝင်ရောက်လာသူဟာ မကွေးတိုင်း၊ မြို့သစ်မြို့ဇာတိ ကိုဆန်းမင်းအောင်ဆိုသူဖြစ်ပြီး အကြမ်းဖက်စစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးတာကိုခံရပြီးတဲ့နောက် အပတ်စဥ်-၁၃ ဆင်း စစ်မှုထမ်းတပ်သားဖြစ်လာကာ မိတ္ထီလာအခြေစိုက် တပ်မ (၉၉) မှာတာဝန်ကျပြီး စစ်ကြောင်းနဲ့အတူ လိုက်ပါလာခဲ့တာလို့ သိရပါတယ်။
အဲ့ဒီ တပ်မ (၉၉) စစ်ကြောင်း မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးရွာကနေ သရက်ကန်ပျူစောထီးရွာဘက် ရိက္ခာပို့ထွက်လာချိန် ဒီဇင်ဘာလ၂၆ရက်နေ့မှာ ကိုဆန်းမင်းအောင်က တော်လှန်ရေးတပ်တွေရှိရာဆီ ထွက်ပြေးခိုလှုံခဲ့တာ ဖြစ်တယ်လို့ TYK ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
“တွင်းမကနေ သရက်ကန်ကိုလာတဲ့ လမ်းကြောင်းမှာ ကျနော်တို့နဲ့ အဆက်အသွယ်ရခဲ့တာပါ။ သူပြေးလာတာကတော့ သရက်ကန်ကိုရောက်မှ ပြေးလာတာ။” လို့ TYK ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
ကိုဆန်းမင်းအောင်ဟာ MA3 သေနတ် ၁လက်၊ ကျည်ဘောက် ၅ ဘောက်နဲ့ ကျည် ၁၂၃ တောင့်ကို ယူဆောင်ပြီး မြိုင်ပကဖ လက်အောက်ခံ TYK ပြောက်ကြားတပ်ဖွဲ့၊ ဒေါင်းမာန်တပ်ဖွဲ့ နဲ့ ဒေါင်းညီနောင် တပ်ဖွဲ့တွေဆီ ခိုလှုံခဲ့တာလည်း ဖြစ်ပါတယ်။
“ကျနော်တို့ ဆုကြေးချီးမြှင့်ဖို့ရှိပါတယ်။ သူကတော့ လုံခြုံရေး အဆင်ပြေရင် မိသားစုဆီ ပြန်ချင်တယ်ပြောတယ်။ ဆောင်ရွက်ပေးသွားမှာပါ။ အခုလက်ရှိတော့ ကျနော်တို့နဲ့ပဲ ဆက်နေသွားမှာပါ။ ကျနော်တို့က ကောင်းကောင်းမွန်မွန် လက်ခံထားပါတယ်။” လို့ TYK ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
လက်ရှိမှာ အထက်ပါ တပ်မ ၉၉ စစ်ကြောင်းဟာ သရက်ကန်ပျူစောထီးရွာကို ရိက္ခာပို့ရင်း တွင်းမရွာကို ပြန်လည်ဝင်ရောက်ခဲ့သလို ဒီနေ့မနက် အစောပိုင်းမှာပဲ ကမ္မမြို့ပေါ် ဆက်လက်ရောက်ရှိသွားပြီဖြစ်ကြောင်း သိရပါတယ်။
တော်လှန်ရေးတပ်များထံ ခိုလှုံလာသည့် စစ်မှုထမ်းတပ်သား ကိုဆန်းမင်းအောင် (ဓာတ်ပုံ TYK ပြောက်ကျား) 

