အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေပြင်းထန်နေတဲ့ မြန်မာနိုင်ငံမှာ ဒီဇင်ဘာလ ၂၈ ရက်ကစလို့ စစ်တပ်က ဟန်ပြရွေးကောက်ပွဲတွေ ကျင်းပနေပါတယ်။

စစ်အုပ်စုက အာဏာသိမ်းမှုအပြီး ငါးနှစ်နီးပါးအကြာမှာ အပိုင်းလိုက်ခွဲကာ မဲပေးဖို့ လုပ်ဆောင်နေတာဖြစ်ပြီး အဓိက နိုင်ငံရေးပါတီတွေ ဖျက်သိမ်းခံထားရတာ၊ ခေါင်းဆောင်တွေ အများအပြား ဖမ်းဆီးထောင်ချခံထားရတာနဲ့ ဖြစ်ပွားဆဲ ပြည်တွင်းစစ်အခြေအနေကြောင့် နိုင်ငံရဲ့ ထက်ဝက်ခန့်က မဲပေးနိုင်ခြင်းမရှိပါဘူး။

လေ့လာစောင့်ကြည့်သူတွေက စစ်အုပ်စုဟာ တရုတ်နိုင်ငံရဲ့ ထောက်ပံ့မှုနဲ့ ပျက်စီးယိုယွင်းနေတဲ့ အကျပ်အတည်းကနေ ထွက်ပေါက်ရှာဖို့ ကြိုးပမ်းနေစဉ် သူတို့ရဲ့ အာဏာကို တရားဝင်ဖြစ်စေဖို့နဲ့ ထိန်းချုပ်မှုခိုင်မာစေဖို့ ကြိုးပမ်းနေတာ ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

သေဒဏ်အပါအဝင် ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်နိုင်တဲ့ ရွေးကောက်ပွဲဥပဒေသစ်အရလည်း လူပေါင်း ၂၀၀ ကျော် တရားစွဲဆိုခံထားရပါတယ်။

“လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ အသင်းအပင်း ဖွဲ့စည်းခွင့် ဒါမှမဟုတ် ငြိမ်းချမ်းစွာ စုဝေးခွင့်တို့ကို ကျင့်သုံးနိုင်တဲ့ ဘယ်လိုအခြေအနေမျိုးမှ ရှိမနေဘူး” လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့ခ် က ပြောကြားခဲ့ပါတယ်။

လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အချို့ကလည်း ပြည်သူတွေကို ရွေးကောက်ပွဲသပိတ်မှောက်ဖို့ သူတို့ကိုယ်တိုင် ခြိမ်းခြောက်မှုတွေ ထုတ်ပြန်ထားပြီး အရပ်သားတွေဟာ “ဘက်ပေါင်းစုံကနေ အကျပ်ကိုင်ခံနေရတယ်” လို့ တာ့ခ်က အင်္ဂါနေ့က ထုတ်ပြန်ချက်မှာ ပြောပါတယ်။

နိုင်ငံရဲ့ နယ်မြေအများစုက အတိုက်အခံတွေရဲ့ ထိန်းချုပ်မှုအောက် ရှိနေဆဲဆိုတဲ့အချက်ကလည်း ရွေးကောက်ပွဲကို အောင်မြင်အောင် ပြုလုပ်နိုင်ဖို့ရာ ကြီးမားတဲ့ ထောက်ပို့ဆိုင်ရာစိန်ခေါ်ချက် ဖြစ်ပါတယ်။

အကြမ်းဖက်ခေါင်ဆောင် မင်းအောင်လှိုင်က နေပြည်တော်မှာ မဲလာပေးစဉ် (ဓာတ်ပုံ Win Kyaw Thu/ BBC)

မဲပေးခြင်းကို လာမယ့် တလအတွင်း မြို့နယ်ပေါင်း ၃၃၀ အနက် ၂၇၄ မြို့မှာ အပိုင်း ၃ ပိုင်းခွဲ ပြုလုပ်ဖို့ စစ်တပ်က သတ်မှတ်ထားပြီး ရလဒ်တွေဟာ ဇန်နဝါရီလကုန်ပိုင်းမှာ ထွက်လာမယ်လို့ မျှော်လင့်ရပါတယ်။

တဆက်တည်းမှာပဲ နိုင်ငံရဲ့ ထက်ဝက်ခန့်က မဲပေးနိုင်မှာမဟုတ်ဘူးလို့လည်း ခန့်မှန်းရပါတယ်။ မဲပေးမယ့် မြို့နယ်တွေမှာတောင် မဲဆန္ဒနယ်အားလုံး မဲပေးမှာမဟုတ်တာကြောင့် မဲပေးသူဦးရေကို ခန့်မှန်းဖို့ ခက်ခဲနေပါတယ်။

စစ်တပ်နောက်ခံပြု ကြံ့ခိုင်ရေးပါတီအပါအဝင် ပါတီ ၆ ခုက တနိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ရောက်ယှဉ်ပြိုင်နေပြီး အခြားပါတီ ၅၁ ခုနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေက ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး အဆင့်မှာသာ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

၂၀၁၅ နဲ့ ၂၀၂၀ တို့မှာ အပြတ်အသတ် အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် ပါတီ ၄၀ ခန့် ဖျက်သိမ်းပိတ်ပင်ခံထားရပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ခေါင်းဆောင်အတော်များများ ဖမ်းဆီးထောင်ချခံထားရပါတယ်။

“မဲပေးတာကို အပိုင်းလိုက်ခွဲလိုက်ခြင်းအားဖြင့် အပိုင်းတစ်ရလဒ်တွေ သူတို့လိုချင်သလိုမရလာရင် အာဏာပိုင်တွေအနေနဲ့ နည်းဗျူဟာတွေကို ပြောင်းလဲနိုင်တယ်” လို့ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့ Spring Sprouts ရဲ့ ပြောရေးဆိုခွင့်ရှိသူ ထင်ကျော်အေးက Myanmar Now သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ချင်းပြည်နယ်အနောက်ပိုင်းမှာ နေထိုင်သူ Ral Uk Thang ကလည်း အရပ်သားတွေအနေနဲ့ “ရွေးကောက်ပွဲကို မလိုချင်ကြဘူး” လို့ ဆိုပါတယ်။

“စစ်တပ်က ငါတို့နိုင်ငံကို ဘယ်လိုအုပ်ချုပ်ရမလဲဆိုတာ မသိဘူး။ သူတို့က သူတို့ရဲ့ ထိပ်တန်းခေါင်းဆောင်တွေ အကျိုးအတွက်ပဲ လုပ်ကြတာ” “ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီ အာဏာရတုန်းက ငါတို့ ဒီမိုကရေစီရဲ့ အရသာကို နည်းနည်း ခံစားခဲ့ရတယ်။ ဒါပေမယ့် အခုတော့ ငါတို့လုပ်နိုင်တာက ငိုယိုပြီး မျက်ရည်ကျဖို့ပဲ ရှိတော့တယ်” လို့ အသက် ၈၀ အရွယ် အဖိုးအိုက BBC ကို ပြောကြားခဲ့ပါတယ်။

ဗြိတိန်နဲ့ ဥရောပပါလီမန် အပါအဝင် အနောက်နိုင်ငံ အစိုးရတွေက ဒီမဲပေးမှုကို ဟန်ပြအဖြစ် ပယ်ချထားကြပြီး ဒေသတွင်းအဖွဲ့ဖြစ်တဲ့ အာဆီယံကတော့ ရွေးကောက်ပွဲတွေမလုပ်ခင် နိုင်ငံရေးအရ ဆွေးနွေးမှုတွေ အရင်လုပ်ဖို့ တောင်းဆိုထားပါတယ်။

မြန်မာစစ်အုပ်စုကတော့ ရွေးကောက်ပွဲအပေါ် ဝေဖန်မှုတွေကို ပယ်ချထားပြီး “ပါတီစုံဒီမိုကရေစီစနစ်ဆီ ပြန်လည်ရောက်ရှိစေဖို့” ရည်ရွယ်တယ်လို့ ဆိုပါတယ်။

“ဒီရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွက် ကျင်းပတာပါ။ မြန်မာပြည်သူတွေအတွက် ကျင်းပတာပါ။ နိုင်ငံတကာ အသိုက်အဝန်းအတွက် ကျင်းပတာ မဟုတ်ပါဘူး” လို့ စစ်အုပ်စုပြောခွင့်ရ ဇော်မင်းထွန်းက ပြီးခဲ့တဲ့ သီတင်းပတ် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ မဲပေးဖို့ ငြင်းဆန်သူတွေဟာ “ဒီမိုကရေစီ ရှေးရှုတဲ့ တိုးတက်မှုကို” ငြင်းပယ်နေတာလို့ ယခုသီတင်းပတ်အစောပိုင်းက ပြောခဲ့ပါတယ်။

မူရင်းသတင်း – War-torn Myanmar voting in widely criticised ‘sham’ election

0 Shares:
You May Also Like
Read More

စာသင်ကျောင်းနဲ့ ဆေးရုံတွေကို ဗုံးကြဲတိုက်ခိုက်ပြီး ရည်ရွယ်ချက်ရှိရှိ စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ အာဏာသိမ်းစစ်ကောင်စီ

စစ်ကောင်စီဟာ ၄င်းတို့လက်လွှတ်ခဲ့ရတဲ့ နယ်မြေတွေက ကျန်းမာရေးနဲ့ ပညာရေးဆိုင်ရာအဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်မှုတွေ အခုရက်ပိုင်းအတွင်း ဆက်တိုက်မြင့်တက်လျက်ရှိပါတယ်။
Read More

မြန်မာ့တော်လှန်‌ရေး ရှေ့ဆက်ဘယ်လောက်သွားနိုင်မလဲ ဆိုတာ တရုတ်ဆုံးဖြတ်နေတယ်

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေတဲ့ မြေပြင်အခြေအနေတွေကို ပိုမိုထိန်းချုပ်လာနိုင်တာကြောင့်၊ တော်လှန်ရေးအင်အားစုများအပေါ် ကြီးမားတဲ့သက်ရောက်မှုတွေ ရှိလာ‌နေပြီဖြစ်တယ်
Read More

ကလေးတပ်သားများ MBT တကယ်ပဲ လက်ခံထားတာလား

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ Myingyan Black Tiger (MBT) တပ်ဖွဲ့ကနေ အသက်မပြည့်သေးတဲ့ ကလေးတွေကို PDF အဖြစ် လက်ခံပြီး စစ်သင်တန်း လေ့ကျင့်သင်ကြားပေးမှုတွေ ရှိနေတယ်လို့ MBT တပ်ဖွဲ့ထဲကို ရောက်ရှိနေတဲ့ ကလေးတွေရဲ့ မိဘတွေထံက သိရပါတယ်။
Read More

စစ်ကောင်စီထံက စစ်ရေးအရ အရေးပါတဲ့ လေဆိပ် ၄ ခုကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ထား

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

စစ်တပ် အသုံးပြုလာတဲ့ Spy Balloon ဆိုတာ ဘာလဲ၊ ဘယ်လိုကာကွယ်မလဲ

အကြမ်းဖက်စစ်ကော်မရှင်က အခုနောက်ပိုင်း သူလျှိုပူဖောင်း ခေါ် Spy Balloon တွေကို စမ်းသပ်အသုံးပြုမှုတွေ ရှိလာပြီး ဒီ Spy Balloon တွေဟာ တိုက်ခိုက်ဖျက်ဆီးဖို့ ခက်ခဲတာကြောင့် တန်ပြန်ထောက်လှမ်းနိုင်ဖို့နဲ့ ပူဖောင်းရဲ့ ဆက်သွယ်ရေးကို နှောင့်ယှက်နိုင်ဖို့က ပိုမိုထိရောက်နိုင်တယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI က ထုတ်ပြန်ပြောဆိုထားပါတယ်။
Read More

ထိုင်းက ရွှေ့ပြောင်းအလုပ်သမားတွေအတွက် လာမယ့်လမှာ CI စင်တာ ဖွင့်လှစ်မယ်

ထိုင်းက ရွှေ့ပြောင်းအလုပ်သမားတွေကို သက်သေခံအချက်အလက်တွေ ထုတ်ပေးဖို့နဲ့ စီးပွားရေးတည်ငြိမ်မှုအတွက် ရည်ရွယ်ပြီး အလုပ်သမားဝန်ကြီးဌာနအနေနဲ့ ထိုင်းနိုင်ငံ စမွတ်စခွန်မှာ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) စင်တာအသစ်တစ်ခုကို နိုဝင်ဘာလမှာ ဖွင့်လှစ်သွားမယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။