အတုအယောင် ရွေးကောက်ပွဲ အတင်းအဓမ္မ ကျင်းပနေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ တိုက်ခိုက်ရေးသင်တန်းကျောင်း (ဘုရင့်နောင်) ကို တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) က ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၂၈ ရက် ဒီနေ့လယ် ၁၂ နာရီ ၄၀ မိနစ်အချိန်မှာ ကရင်ပြည်နယ် သံတောင်ကြီးမှာရှိတဲ့ စစ်တပ်ရဲ့ တိုက်ခိုက်ရေးသင်တန်းကျောင်း (ဘုရင့်နောင်) ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၆လုံး စလုံး အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာပြည်အရပ်ရပ်က စစ်အုပ်စု ထောက်တိုင်တွေဖြစ်တဲ့ တပ်စုမှူး၊ တပ်ခွဲမှူးနဲ့ တပ်ရင်းမှူ သင်တန်းတွေကို အဓိက သင်တန်းပေးနေတဲ့ တိုက်ခိုက်ရေးကျောင်း အထိနာစေဖို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တပ်ရင်းမှူး သင်တန်းဆောင်၊ တပ်ရင်းမှူးအိပ်ဆောင်၊ လက်နက်ကြီးအထိုင်နဲ့ ဘုရင့်နောင်ကျောင်း ဌာနချုပ် ရုံးခန်းတို့ကို ရည်ရွယ်တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
လက်ရှိအချိန်ဟာ တပ်ရင်းမှူးသင်တန်းကို သင်တန်းပေးနေတဲ့ အချိန်ကာလ ဖြစ်တာကြောင့် တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) ရဲ့ ဦးဆောင် စီမံမှုနဲ့အတူ Mountain Knight Civilian Defense Force (MKCDF) ၊ Anti-Coup People’s Liberation Army (ACPLF) ၊ သံတောင်မြောက်ပိုင်း အထူးဒေသ ဖိုက်တာဆားခဲအဖွဲ့တို့က KNLA တပ်မဟာ (၂)၊ တပ်ရင်း (၅) နဲ့ ပူးပေါင်းဖော်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
စစ်တပ်ရဲ့ ဘုရင့်နောင် တိုက်ခိုက်ရေးသင်တန်းကျောင်းကို မတိုက်ခိုက်ခင် လွန်ခဲ့တဲ့ ၁၂နာရီလောက်ကလည်း BWM နဲ့ မဟာမိတ်တွေက မန္တလေး နန်းတွင်းထဲမှာရှိတဲ့ စစ်တပ်ရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲကို ရှော့တိုက်ဒုံး ၄ လုံး အောင်မြင်စွာ ပစ်ခတ်ထားတာ ဖြစ်ပါတယ်။