မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ထဲက တပ်မ (၁၀၁)လက်အောက်ခံ၊ ခလရ (၂၅၂)တပ်ရင်းနဲ့ ထောက်ပို့တပ်ရှိရာနေရာတွေကို တော်လှန်ရေးတပ်တွေက ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ တပ်တွင်းထိခိုက်ပေါက်ကွဲမှုတွေ ရှိခဲ့ကြောင်း ပခုက္ကူမြို့နယ်ပကဖ၊ လက်နက်ကြီးတပ်ဖွဲ့-COBRA ONE တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
ဒီဇင်ဘာလ ၂၆ ရက်၊ မနေ့မနက်ပိုင်းက ခလရ (၂၅၂)တပ်ရင်းနဲ့ ထောက်ပို့တပ်ဝန်းအတွင်းကို စက်တပ်လေထီးတွေ ပြန်လည်ဆင်းသက်ဖို့လုပ်ဆောင်နေချိန်မှာ COBRA ONE တပဖွဲ့ဝင်တွေက အဝေးပစ် ရှော့တိုက်ဒုံး၂လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရတာပါ။
ပစ်ခတ်လိုက်တဲ့ ရှော့တိုက်ဒုံးတွေဟာ စစ်တပ်အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်မှုတွေရှိခဲ့တယ်လို့လည်း ပခုက္ကူမြို့နယ်ပကဖ၊ လက်နက်ကြီးတပ်ဖွဲ့-COBRA ONE တာဝန်ရှိသူက ပြောပါတယ်။
“စက်တပ်လေထီးတွေ ထိမထိ၊ အဲ့လိုတော့ မသိရသေးဘူးဗျ။ လူတွေထိတာတော့ သိရပါတယ်။ ထိတာများတယ်။ အတိအကျ ဘယ်နှစ်ကောင်လည်းဆိုတာကိုသာ မသိရသေးတာ” လို့ ပခုက္ကူမြို့နယ်ပကဖ၊ လက်နက်ကြီးတပ်ဖွဲ့-COBRA ONE တာဝန်ရှိသူက မောင်းကိုဆက်ပြောပါတယ်။
စစ်အုပ်စုအနေနဲ့လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ပိတ်ဆို့ဖမ်းဆီးနိုင်ဖို့အတွက် အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးပိတ်ဆို့တာမျိုးတွေ ရှိခဲ့သလို လက်နက်ကြီးတွေနဲ့လည်း ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ အဆိုပါတာဝန်ရှိသူက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို ပခုက္ကူမြို့နယ် ပကဖ၊ လက်နက်ကြီးတပ်ဖွဲ့-COBRA ONE တပ်ဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ကြောင်းနဲ့ ပစ်ခတ်ခဲ့အပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
ပုံစာ- Cobra One တပ်ဖွဲ့ဝင်များ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်နေစဥ်