အာဏာသိမ်းစစ်တပ်ရဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို ပြည်သူတရပ်လုံး လူထုအာဏာဖီဆန်ရေး နည်းနာပေါင်းစုံနဲ့ တခဲနက်ဆန့်ကျင်ကြဖို့၊ စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်ငန်းစဥ်မှာ ဆက်လက်ပါဝင်ကြဖို့ မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရတို့ ပူးတွဲ တိုက်တွန်းထုတ်ပြန်လိုက်ပါတယ်။
ရွေးကောက်ပွဲအတုကို ဦးဆောင်ကျင်းပမယ့် စစ်တပ်ဟာ သူတို့ တဖက်သတ် ပြဌာန်းထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ကိုယ်တိုင်ချိုးဖောက်ကာ အာဏာသိမ်းခဲ့တဲ့ တရားမဝင် အဖွဲ့အစည်းဖြစ်သလို ပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှု၊ လူမျိုးသုဥ်း သတ်ဖြတ်မှု၊ အွန်လိုင်းငွေကြေးလိမ်လည်မှုနဲ့ မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားမှု စတာတွေမှာ ပါဝင်ပတ်သက်နေတဲ့ အကြမ်းဖက် နိုင်ငံတကာ ရာဇဝတ်သားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲ ကျင်းပဖို့ အခွင့်အာဏာမရှိတဲ့ အကြမ်းဖက်စစ်တပ်ဟာ ရွေးကောက်ပွဲအတုကို နည်းမျိုးစုံနဲ့ ကျင်းပဖို့ ပြင်ဆင်နေသလို ရွေးကောက်ပွဲ ဆန့်ကျင်သူတွေကိုလည်း နည်းလမ်းမျိုးစုံနဲ့ ခြိမ်းခြောက်ဖိအားပေးနေတာ ဖြစ်ပါတယ်။ ဒီလိုမျိုး ပြည်သူတွေကို ဖိနှိပ်ပြီး ထွက်ပေါ်လာတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မလာနိုင်ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကြောင့် နိုင်ငံရေးပြဿနာတွေဟာ မပြေလည်ဘဲ ပိုမိုရှုပ်ထွေးသွားစေနိုင်မှာဖြစ်ပြီး ဖက်ဒရယ်နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းစဥ်နဲ့ ပိုမိုဝေးကွာသွားစေကာ စစ်တပ်ကို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက်ကျူးလွန်ဖို့ အားပေးရာရောက်နေတယ်လို့လည်း ဆိုပါတယ်။
ဒါကြောင့် နိုင်ငံတကာအနေနဲ့ အတုအယောင် ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့၊ ပူးပေါင်းဆောင်ရွက်ခြင်းမလုပ်ဖို့ တိုက်တွန်းထားပြီး ပြည်သူတွေအနေနဲ့လည်း တရားမဝင် ရွေးကောက်ပွဲကို လူထုအာဏာဖီဆန်ရေး နည်းနာပေါင်းစုံနဲ့ ဆန့်ကျင်ကြဖို့ မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရတို့က တိုက်တွန်းထားပါတယ်။