စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်မှာ စစ်အုပ်စု အခိုင်အမာတပ်စွဲထားတဲ့ ပဒူးမုန်းရွာ တပ်စခန်းကုန်းကို ၁နာရီကျော်ကြာ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ရက် ညပိုင်းက ခန္တီးမြို့အထက်၊ ချင်းတွင်းမြစ်ကြောင်းထိပ်ဆုံးမှာရှိတဲ့ အထက်ပါ စခန်းကုန်းကို ခန္တီးပကဖတပ်ဖွဲ့ဝင်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။
ပဒူးမုန်းစခန်းကို ခန္တီးဗျူဟာမှူးကိုယ်တိုင် တိုက်ရိုက်ဦးစီးကွပ်ကဲတာဖြစ်ကြောင်းနဲ့ ကျေးရွာကို အခြေပြုတပ်စွဲထားတာဖြစ်ကြောင်း ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
“စခန်းကုန်းမှာ အင်အားက ၂၀ လောက်ပဲရှိတယ်ဆိုပေမယ့် ရွာကိုအကာအကွယ်ယူပြီး အခိုင်အမာလုပ်ထားတာ၊ သူတို့ဘက်က လက်နက်ကြီးတွေရော ၄၀ မမ အသီးရော အစုံပစ်တယ်။ ကျနော်တို့ကျတော့ လက်နက်ကြီး မပစ်ရဲဘူး။ ဘာလို့ဆို အရပ်သားအိမ်တွေက ကပ်နေတော့လေ။ အဲ့ဒါကြောင့် ၄၀ အသီးလောက်ပဲ ပစ်ခဲ့ရတယ်။ ပြန်ဆုတ်ခဲ့တာကလည်း ကိုယ်တွေ လက်နက်အနေအထားနဲ့ ပွဲအကြာကြီး ကလို့မရတာရယ်။ ကျည်အနေအထားရယ်ကြောင့်ပါ” လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိပေမယ့် အတည်မပြုနိုင်ဘူးလို့ သူက ဆက်ပြောပါတယ်။
“နန်စီပွန် ကျောက်မှော်ဘက်တွေမှာလည်း စခ စခန်းကုန်းတွေရှိပါတယ်။ အဲ့ဒါက တပ်ရင်းတွေက ထိုင်တာ၊ ပဒူးမုန်းကျတော့ အချက်အချာကျတဲ့နေရာဆိုတော့ ဗျူဟာမှူးနဲ့ တိုက်ရိုက် ချိတ်ဆက်ထားတယ်။ စစ်ကူ၊ ပစ်ကူနဲ့ လေယာဉ် အကုန်တောင်းနိုင်တဲ့ စခန်းကုန်းတခုပါ” လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအတု အပိုင်း(၁) မှာ စစ်ကိုင်းတိုင်းထဲက မြို့နယ်၁၂ မြို့နယ်ပါဝင်ပြီး အဲ့ဒီထဲမှာ စစ်ကိုင်းတိုင်းအထက်ပိုင်းက ခန္တီးနဲ့ ဟုမ္မလင်းမြို့နယ်တွေလည်း ပါဝင်နေတာဖြစ်ပါတယ်။
ခန္တီးနဲ့ဟုမ္မလင်းမြို့နယ်တွေမှာ ရွေးကောက်ပွဲအတုမလုပ်နိုင်တဲ့ ကျေးရွာအုပ်စု ၆၂ အုပ်စုရှိပြီး ခန္တီးမြို့နယ်က ၁ အုပ်စုမှာ မကျင်းပနိုင်ဘူးလို့ သိရပါတယ်။
“ပဒူးမုန်းလည်း မဲပုံးထောင်မယ့်ရွာထဲမှာ ပါနေပါတယ်။ အဲ့အထက်ရွာတွေကျတော့ လုပ်မရဘူး။ ကျနော်တို့ သဘောထားကတော့ ခန္တီးမြို့နယ်အတွင်းမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ တသားထည်းပါပဲ။ စစ်တပ်ရဲ့ ရွေးကောက်ပွဲအတုကို လက်မခံပါဘူး။ အလုပ်တွေလုပ်ဖို့လည်း ပြင်ဆင်နေပါတယ်” လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောခဲ့ပါတယ်။