မကွေးတိုင်း၊ စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ တပ်စခန်းတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်သွားမှာဖြစ်တဲ့အတွက် ပြည်သူတွေ ရှောင်တိမ်းကြဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – စလင်း နဲ့ ဗမာ့တပ်တော် (BA) တို့က အသီးသီး ထုတ်ပြန်ထားပါတယ်။
ဆင်ဖြူကျွန်းမြို့မှာရှိတဲ့ စစ်အုပ်စု တပ်စခန်းအားလုံးကို အပြီးသတ် သိမ်းပိုက်မှာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ ဒီဇင်ဘာ ၂၅ ရက် မနက် ၈နာရီကနေ ညနေ ၆နာရီအချိန်အတွင်း စလင်းမြို့နယ်ဘက်ကို ရွှေ့ပြောင်းသွားလာနိုင်တယ်လို့လည်း အသိပေးထားပါတယ်။
ဒါ့အပြင် ခရီးသွားကားတွေအနေနဲ့လည်း စစ်ကော်မရှင်ယာဥ်တန်းတွေနဲ့ အနီးကပ် မောင်းနှင်လိုက်ပါတာတွေကို အထူးရှောင်ကြဥ်ကြဖို့၊ စစ်ကော်မရှင်တပ်ဖွဲ့ အခြေချတပ်စွဲထားတဲ့ နေရာတွေကို ရှောင်ရှားကြဖို့ဆိုထားပါတယ်။ နောက်ပြီး စလင်းမြို့နဲ့ ဆင်ဖြူကျွန်းမြို့က အိမ်စီးကားတွေအားလုံး မှန်ချ မောင်းနှင်ဖို့နဲ့ လုံခြုံရေးအရ မှန်ချမောင်းနှင်ခြင်းမလုပ်တဲ့ ကားတွေကို စစ်ရေးအရ တာဝန်ယူမှာမဟုတ်ဘူးလို့ စလင်း ပကဖက သတိပေးပါတယ်။
စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း စလင်းမြို့ပေါ်ရှိ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးသူငယ်တွေ ကြိုတင်ရွှေ့ပြောင်းထားစေလိုကြောင်း ထုတ်ပြန်ထားပါတယ်။
“ပြောင်းရွေ့ထွက်ခွာတွေအတွက် ယာဉ်အကူအညီမပေးနိုင်ခဲ့ပါဘူး။ ရဲဘော်တွေအတွက် လိုအပ်တဲ့ ရိက္ခာ၊ ဒဏ်ရာရ ရဲဘော်တွေအတွက် ကူ / သယ် / ကု အစီအစဉ်များ လုပ်ဆောင်နေပါတယ်၊ ကျနော်တို့ စိုးမိုးနယ်မြေထဲကို အလုံးအရင်းနဲ့ ရွှေ့ပြောင်းလာတာတော့မရှိပါဘူး” လို့ စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်က မောင်းကိုပြောပါတယ်။
ဆင်ဖြူကျွန်းမြို့ပေါ်မှာ ဒီဇင်ဘာ ၂၃ ရက်နေ့ကစပြီး အကြမ်းဖက်စစ်တပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းပစ်ကူမှုတွေလည်း ဆက်တိုက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။