ရန်ကုန်မြို့လယ်က ဒဂုံမြို့နယ်အတွင်းမှာ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) က “NO VOTE” စာတန်းကိုင်ဆောင်ကာ အတုအယောင် ရွေးကောက်ပွဲ မဲမပေးရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။
“ပွင့်ပွင့်လင်းလင်း ပြောရရင် စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲဆိုတာ နိုင်ငံတကာကို လှည့်စားဖို့ သက်သက် ဖန်တီးထားတဲ့ ‘နိုင်ငံရေးပြဇာတ်’ တစ်ခုသာ ဖြစ်ပါတယ်။ ပါဝင်မယ့် ပါတီတွေကလည်း သူတို့လူ၊ သူတို့လက်ဝေခံတွေချည်း ဖြစ်နေတော့ ပြည်သူလူထုအတွက် ရွေးချယ်စရာဆိုတာ လုံးဝ (လုံးဝ) မရှိပါဘူး” လို့ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) က ထုတ်ပြန်ပြောကြားထားပါတယ်။
စစ်အုပ်စုရဲ့ မတရားတဲ့လုပ်ရပ်အပေါ် လက်မခံနိုင်ဘူး၊ မပူးပေါင်းနိုင်ဘူး ဆိုတာကို “သမိုင်းသက်သေ” ပြကြရမယ်လို့ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) ကဆိုပါတယ်။ မဲမပေးခြင်း (NO VOTE) ဆိုတာဟာ နိုင်ငံသားတစ်ယောက်ရဲ့ မွေးရာပါ အခွင့်အရေးဖြစ်တယ်လို့လည်း ၄င်းတို့က ဆိုပါတယ်။
“အရေးကြီးဆုံးကတော့ ကိုယ့်လုံခြုံရေးပါပဲ။ မဲစာရင်း သွားမကြည့်ဘဲ၊ လူမသိအောင် ဉာဏ်သုံး၊ ပါးနပ်စွာ နေထိုင်ပြီး ဒီအတုအယောင်ပွဲကြီးကို တညီတညွတ်တည်း ဆန့်ကျင်ကြဖို့ ရေဘဝဲမှ တိုက်တွန်းနှိုးဆော်အပ်ပါတယ်” လို့ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) က ထုတ်ပြန်အသိပေး တိုက်တွန်းထားပါတယ်။
