“မောင်မောင်လေး လာ…လာ ပုန်းကျွင်းထဲဝင်”
အသက် (၁၀)နှစ်အောက် ကလေးမလေးက မောင်ဖြစ်သူကို လှမ်းပြောလိုက်တဲ့ စကားဖြစ်ပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ ရဟတ်ယာဉ်တစ်စီး ပျံသန်းတာကို ကြည့်နေတဲ့ မောင်နှမ ၂ ယောက်ထဲက အစ်မ ဖြစ်သူက သူ့မောင်လေးကို အန္တရာယ်ကျရောက်မှာ စိုးရိမ်စိတ်နဲ့ ပြောလိုက်တာဖြစ်ပါတယ်။
ဗီဒီယိုရိုက်ကူးနေသူကိုလည်း ”ဖိုက်တာလာနေပြီ။ အဲ့နားမှာ ဝဲနေတာ မော့ကြည့်လိုက်စမ်းပါ”လို့ သတိပေးစကား လှမ်းပြောလိုက်ပါသေးတယ်။
စကားပြောပြီး မရှေးမနှောင်ပါပဲ.. ခြံထဲ ဝင်ရောက်သွားကာ မောင်ဖြစ်သူကို အတင်းဆွဲပြီး ပုန်းကျွင်းထဲဝင်ဖို့ အင်္ကျီဆွဲကာ ခေါ်ဆောင်သွားပါတယ်။
အညာဒေသမှာ အကြမ်းဖက် မိစ္ဆာစစ်တပ်ရဲ့ ရက်ရက်စက်စက် လေကြောင်းတိုက်ခိုက်မှုတွေဟာ ငယ်ရွယ်တဲ့ ကလေးငယ်တွေကို စိတ်ဒဏ်ရာ အကြီးအကျယ် ပေးထားတာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်က အရပ်သားနဲ့ လက်နက်ကိုင် မခွဲခြားတော့ဘဲ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ စစ်ရှောင်စခန်းတွေနဲ့ ဘုရားစေတီတွေကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်နေမှုကြောင့် ကလေးငယ်တွေ အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ရာပေါင်းများစွာ အသက်ဆုံးရှုံးနေရပါတယ်။
အခုလ ဒီဇင်ဘာ ၁၀ ရက်မှာပဲ ရခိုင်ပြည်နယ် မြောက်ဦးမြို့ ဆေးရုံကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် မွေးကင်းစကလေးငယ်အပါအဝင် လူပေါင်း ၃၃ ယောက် သေဆုံးခဲ့ရပါတယ်။
ဒီဇင်ဘာ ၅ ရက်ကလည်း ဒီပဲယင်းမြို့နယ် မရကန်ရွာမှာ ဆီးဂိမ်အမျိုးသမီးဘောလုံးပြိုင်ပွဲ ကြည့်ရှုနေတဲ့ လက်ဖက်ရည်ဆိုင်ကို လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် လူ ၂၀ ကျော်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ လေကြောင်းတိုက်ခိုက်မှုတွေဟာ အကြမ်းဖက်သမားတွေ ပုန်းအောင်းနေတဲ့ နေရာတွေကို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဖော်ပြပေမယ့် လူမှုကွန်ရက်မှာ ပျံ့နှံ့လာတဲ့ ရုပ်သံဖိုင်နဲ့ ဓာတ်ပုံတွေမှာတော့ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေ ပါဝင်နေတာ ဖြစ်ပါတယ်။
လွတ်လပ်တဲ့အဖွဲ့အစည်း (ACLED) ရဲ့ ထုတ်ပြန်ချက်အရ စစ်တပ်က ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၅၀၀၀ ကျော် လုပ်ဆောင်ခဲ့ပြီး လူပေါင်း ၇၀၀၀ နီးပါး ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။
Video – Phyo Zin Ko