မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်ပွန်းစခန်းကျေးရွာက ကဒက်ချောင်းမှာ သောက်စားပျော်ပါးဖို့လာတဲ့ ဒုအရာခံဗိုလ် ၁ယောက်ကို သွားရောက်ဖမ်းဆီးခဲ့ပြီး အရေးယူနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနထံ အပ်နှံထားကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
ဖမ်းဆီးခံရသူဟာ ဒုအရာခံဗိုလ် သန်းဝင်းဆိုသူဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်၊ အသံတိတ်သပိတ် ဆင်နွှဲတဲ့နေ့မှာ KRF နဲ့ SOF ပူးပေါင်းတပ်ဖွဲ့ဝင်တွေက သတင်းအရ သွားရောက်ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
သက်သေခံပစ္စည်းတွေအဖြစ် သန်းဝင်းစီးလာတဲ့ ကိုယ်ပိုင်ကား (၁စီး)နဲ့ အတူ လက်ဝတ်ရတနာတချို့၊ ယာဥ်ဝင်ခွင့်ကဒ်ပြား၊ ဓာတ်ပုံ၊ ထီလက်မှတ်နဲ့ ငွေအကြွေတချို့ကိုပါ သိမ်းဆည်းရရှိခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) ထုတ်ပြန်ထားတဲ့ပုံအရ သိရပါတယ်။
ထုတ်ပြန်ထားတဲ့ ရုပ်သံဗီဒိယိုဖိုင်အရ သန်းဝင်းကို ကဒတ်ချောင်းရှိ စာသောက်ဆိုင်တစ်ခုအတွင်း တပ်ဖွဲ့ဝင် ၃၊ ၄ ယောက်လောက်နဲ့ ရှောင်တခင် ဝင်ရောက် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးရာမှာ လုံခြုံရေး လုပ်ထုံးလုပ်နည်းတွေနဲ့အညီဆောင်ရွက်ခဲ့ကြောင်း၊ သေနတ်ပစ်ဖောက်တာ၊ အရပ်သားတွေကို ဆဲရေးရိုင်းပြတာမျိုးတွေ မရှိခဲ့ကြောင်းနဲ့ သန်းဝင်းကို အရေးယူနိုင်ဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေဆီ အပ်နှံထားကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) က ပြောပါတယ်။
“သန်းဝင်းကို သက်ဆိုင်ရာကို အပ်ထားပါတယ်” လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) က ဒီသတင်းကို လုံခြုံရေးအခြေအနေတွေကြောင့် နောက်ကျမှ ထုတ်ပြန်တာဖြစ်ကြောင်းနဲ့ ပြည်သူလူထုကို ထိခိုက်နစ်နာစေမယ့် ဖောက်ခွဲမှုနဲ့ ပစ်ခတ်မှုတွေကို လုံးဝလုပ်ဆောင်သွားမှာမဟုတ်ကြောင်း၊ လုပ်ဆောင်သမျှ စစ်ရေးလှုပ်ရှားမှုတိုင်းကိုလည်း အတိအလင်းအသိပေးသွားမှာဖြစ်ကြောင်း ပြောထားပါတယ်။
