ရခိုင်ပြည်သူတွေအတွက် အလွန်တန်ဖိုးရှိပြီး သမိုင်းဝင်အရေးပါလှတဲ့ မြောက်ဦးခေတ် “ယတြာခေါင်းလောင်း” ကြီးကို ကျောက်တော်မြို့နယ်၊ မဟာမုနိဘုရားကုန်းတော်ရှိ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းမှ ပြန်လည်တူးဖော်ရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
အဆိုပါခေါင်းလောင်းကို ရက္ခိုင်ဘုရင် နရပတိကြီး (၁၆၃၈-၁၆၄၅) လက်ထက်မှာ သွန်းလုပ်ခဲ့တာဖြစ်ပြီး ခေါင်းလောင်းကိုယ်ထည်မှာ ပါဠိ၊ သက္ကတ၊ ရက္ခဝဏ္ဏ ဘာသာစကား ၃ မျိုးနဲ့ အင်းအိုင်ခါးလှည့်တွေကို စီမံထားရှိထားတယ်လို့ သိရပါတယ်။
အဲဒီခေါင်းလောင်းဟာ ရန်သူတွေကို တုန်လှုပ်ခြောက်ခြားစေနိုင်တဲ့ စွမ်းပကားရှိတယ်လို့ သမိုင်းတလျှောက် ကျော်ကြားခဲ့ပြီး ဓာတ်ကြီး ၄ ပါး အင်းကွက်ကြီး ၈ ကွက်နဲ့ အိမ်နီးချင်းနိုင်ငံ ၃၀ ကို ရည်စူးထားတဲ့ အင်းကွက်ငယ် ၃၀ ပါရှိတဲ့ ရခိုင်ပြည်စောင့် ခေါင်းလောင်းကြီးလည်း ဖြစ်ပါတယ်။
အဆိုပါ ရှေးဟောင်းအမွေအနှစ်ကို နှစ်ပေါင်း ၆၀ ကျော်ကြာအောင် ဘယ်သူ့ကိုမှ ဖွင့်မပြောဘဲ လျှို့ဝှက်ထိန်းသိမ်းခဲ့သူဟာ အသက် ၈၄ နှစ်အရွယ် ဦးထွန်းအောင် ဖြစ်တယ်လို့ ဒေသတွင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ဦးထွန်းအောင်ဟာ သူ လူငယ်ဘဝကတည်းက ဖခင်ဖြစ်သူနဲ့အတူ ခေါင်းလောင်းကို ဘုရားကုန်းတော်မှာ လုံခြုံစွာ မြှုပ်နှံဝှက်ထားခဲ့တာဖြစ်ပြီး ခေတ်အဆက်ဆက် အစိုးရတွေက နည်းမျိုးစုံနဲ့ လာရောက်စည်းရုံး မေးမြန်းခဲ့ပေမယ့် အမျိုးသားအမွေအနှစ် ပျောက်ဆုံးမှာစိုးတာကြောင့် သစ္စာရှိစွာ နှုတ်ပိတ်နေထိုင်ခဲ့တယ်လို့ သိရပါတယ်။
အခုချိန်မှာတော့ ဦးထွန်းအောင်ဟာ အသက်ကြီးရင့်လာမှုနဲ့အတူ အာရက္ခပြည်သူ့အစိုးရအပေါ် ယုံကြည်တာကြောင့် အာရက္ခတပ်တော် (AA) ထံ သတင်းပေးအပ်နှံခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် ၂၀၂၅ ခုနှစ် ဇူလိုင်လမှာ အောင်မြင်စွာ တူးဖော်နိုင်ခဲ့ပြီး AA ကလည်း ဦးထွန်းအောင်ရဲ့ သစ္စာရှိစွာ စောင့်ရှောက်မှုအတွက် ကျပ်ငွေသိန်း ၅၀၀ ဂုဏ်ပြုချီးမြှင့်ခဲ့ပေမယ့် ဦးထွန်းအောင်က အဲဒီငွေတွေကို မဟာမုနိဘုန်းကြီးကျောင်းဆောင် ဆောက်လုပ်ရာမှာ ပြန်လည်လှူဒါန်းသွားမယ်လို့ သိရပါတယ်။
(ဓာတ်ပုံ အာရက္ခမင်းသမီး မီဒီယာ) 



