ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှာ ပြည်သူတွေကို မဲထည့်ဖို့ ဖိအားပေးနေတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေ သွားရောက်ပစ်ခတ်တဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိခဲ့တယ်လို့ နေပြည်တော်တိုင်းစစ်ဌာနရဲ့ တိုင်းကွပ်ကဲ ရေးမှူးထံက သိရပါတယ်။
အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေဟာ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ဆွာမကြီးရွာ၊ အနောက်ဘက်ကမ်းက ခင်တန်းလေးကျေးရွာ၊ ဒိုးတန်းကျေးရွာတွေမှာ မဲရုံတွေတည်ဆောက်ပြီး အနီးအနားကျေးရွာက ပြည်သူတွေကို မဲထည့်ဖို့အတွက် ဖိအားပေးတာမျိုးတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
“ပြည်သူလူထုကို ဖိအားပေးပြီးတော့ မဲထည့်ဖို့ ၁၈ နှစ်ပြည့်ပြီးသူတွေကို မဖြစ်မနေ မဲထည့်ရမယ်၊ မဲမထည့်တဲ့သူကိုရွေးကောက်ပွဲ ဥပဒေနဲ့ တရားစွဲဆိုသွားမယ်၊ ဖမ်းဆီးသွားမယ်ဆိုတဲ့ ဖိအားတွေပေးမယ်လို့ ကြားသိရတယ်”လို့ နေပြည်တော်တိုင်းစစ်ဌာနရဲ့ တိုင်းကွပ်ကဲရေးမှူး ရဲဘော်လက်ယာက မောင်း ကို ပြောပါတယ်။
ဒါကြောင့် ကာကွယ်ရေးတပ်သားတွေက ဒီဇင်ဘာ ၂၃ ရက် မနက် ၅ နာရီ ၂၀ မိနစ်လောက်မှာ စစ်ကော်မရှင်တပ်သားတွေ အဓိက အထိုင်စခန်းချပြီး မဲရုံတည်ဆောက်ထားတဲ့ ဆွာမကြီးရွာ နဲ့ အဆိုပါကျေးရွာကို အကွာအကွယ်ပေးထားတဲ့ ရွာသစ်ကျေးရွာအထိုင်စခန်းတို့ကို ပစ်မှတ်ထားပြီး တချိန်တည်း တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ တပ်ဖွဲ့ဝင်တွေ နေရာ ၄ နေရာပေါ့။ စပြီးတော့ ရှင်းလင်းရေးလုပ်တယ်။ အဓိက ဆွာမကြီးရွာမှာရှိတဲ့ မဲရုံကို ဦးတည်တယ်ပေါ။ ကျန်တဲ့နေရာ ၃ နေရာကိုတော့ ကျနော်တို့ဖြန့်ပြီးတော့ အဓိက စစ်စခန်းတွေကို တိုက်တဲ့သဘောပါ။ အဓိက ပစ်မှတ်ကတော့ ဆွာမကြီးရွာပေါ့နော်။ အဲဒီမှာတချိန် တည်း ၄ နာရီတိုက်ခဲ့ကြတာ။ အချိန်ကတော့ မနက် ၅ နာရီ ၂၀ လောက်ကနေ ၁၀ နာရီခွဲလောက်အထိ ဖြစ်သွားတယ်” လို့ ရဲဘော်လက်ယာက ဆက်ပြောပါတယ်။
အပြန်အလှန် ပစ်ခတ်မှုအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေဘက်က ၁၀ ယောက်သေဆုံးခဲ့ပြီး တချို့ကလည်း ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ ဆွာမကြီးကျေးရွာကို ဝင်ရောက်တိုက်ခိုက်ချိန် စစ်ကော်မရှင်တပ်သားတွေရဲ့ အထိုင်စခန်းတချို့နဲ့ မဲရုံနေရာတွေကိုလည်း ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။
ပစ်ခတ်မှုအတွင်း အနောက်ဘက်ကမ်းက စစ်ကော်မရှင်တပ်သားတွေဟာ အရှေ့ဘက်ကမ်းကို စစ်ကူအင်အားအများအပြား ဖြည့်တင်းခဲ့သလို လေယာဉ်ဗုံးကြဲတာတွေ၊ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ကူတာတွေ လုပ်ခဲ့ပေမယ့် ကာကွယ်ရေးတပ်ဖွဲ့တွေ အထိအခိုက်မရှိဆုတ်ခွာလာနိုင်ခဲ့သလို တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနိုင်ခဲ့ တယ်လို့ ဆိုပါတယ်။
ထိတွေ့တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့တွေက မဲရုံကိုရှင်းလင်းလိုက်တဲ့အတွက် စစ်ကော်မရှင်တပ်သားတွေဟာ ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ တစ်ခုတည်းသော မဲရုံဖြစ်တဲ့ ဆွာမကြီးကျေးရွာက မဲရုံကို အနောက်ဘက်ကမ်း ရွှေ့ပြောင်းလိုက်တယ်လို့ ဆိုပါတယ်။

နေပြည်တော် PDF အနေနဲ့ စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို တားဆီးနိုင်ရေးအတွက် ရွေးကောက်ပွဲကျင်းပနိုင်တဲ့ နေရာတွေအားလုံးကို တတ်နိုင်တဲ့နည်းလမ်းတွေ သုံးပြီး ဟန့်တားသွားမှာဖြစ်ကြောင်းနဲ့ ပြည်သူတွေအနေနဲ့လည်း စစ်ကော်မရှင်ရဲ့ အတုယောင်ရွေးကောက်ပွဲကို မဲမထည့်ခြင်းဖြင့် ဆန့်ကျင်တားဆီးပေးကြဖို့ကို မေတ္တာရပ်ခံထားပါတယ်။

