မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ အမ်း-ပဒါန်းလမ်းပေါ်က အရေးပါတဲ့ ဂုတ်ကြီးကာကင်းစခန်းကို အာရက္ခတပ်တော် (AA) က ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ပြန်လည်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
အဆိုပါ ဂုတ်ကြီးစခန်းကို အာရက္ခတပ်တော် (AA) နဲ့ မဟာမိတ်တပ်တွေက ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက သိမ်းပိုက်နိုင်ခဲ့ပေမယ့် စစ်တပ်က နှစ်လကျော်ကြာ ထိုးစစ်ဆင်ခဲ့ပြီးနောက် ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ အင်အားအလုံးအရင်းနဲ့ ခေတ္တဝင်ရောက်ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၉ ရက်နဲ့ ၂၀ ရက်တို့မှာ စစ်တပ်က အင်အားရာနဲ့ချီပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် AA တပ်ဖွဲ့တွေ ခေတ္တဆုတ်ခွာပေးခဲ့ရပေမယ့် ဒီဇင်ဘာ ၂၁ ရက်နေ့မှာပဲ AA က ပြန်လည်ထိုးစစ်ဆင်ခဲ့ရာ ဂုတ်ကြီးစခန်းကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေရဲ့ အဆိုအရ ဂုတ်ကြီးတိုက်ပွဲအတွင်း စစ်တပ်ဘက်က ဆရာကြီး ကီးချယ် အပါအဝင် တပ်ဖွဲ့ဝင်အများအပြား သေဆုံးခဲ့တယ်လို့ သိရပါတယ်။
“ဂုတ်ကြီးမှာ တိုက်ပွဲတွေ ပြန်ဖြစ်နေပါတယ်။ ဂုတ်ကြီးနဲ့တူတူ ပွင့်ဖြူတို့ စလင်းတို့မှာလည်း တိုက်ပွဲက တပြိုင်တည်း ပြန်ဖြစ်နေတဲ့ အနေအထားပဲ။ ဂုတ်ကြီးမှာ စစ်တပ်ဘက်က အထိအခိုက်များတဲ့ အနေအထားပါ။ ဒါပေမယ့် ဂုတ်ကြီးကိုတော့ ဘယ်ဘက်ကနေ သိမ်းလိုက်ပြီဆိုတာတော့ မကြားသေးဘူးပေါ့နော်။ ရှုပ်ထွေးနေတဲ့ အနေအထားပါ” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းကို ပြောပါတယ်။
ဂုတ်ကြီးစခန်းဟာ AA နဲ့ ပူးပေါင်းတပ်တွေ ပိတ်ဆို့ထားတဲ့ နတ်ရေကန်ဗျူဟာကုန်းရဲ့ အဓိက ကာကင်းစခန်းဖြစ်ပြီး ဂုတ်ကြီးစခန်းကို ထိန်းချုပ်နိုင်ရင် ဗျူဟာကုန်းသို့ ရိက္ခာနဲ့ အင်အားဖြည့်တင်းဖို့ လမ်းကြောင်းဖြစ်တာကြောင့် စစ်တပ်က ဂုတ်ကြီးစခန်းကို ပြန်လည်ရရှိဖို့ အသည်းအသန်ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
AA ရဲ့ ထုတ်ပြန်ချက်အရတော့ နတ်ရေကန်ဗျူဟာကုန်းရဲ့ ပင်မကုန်းတစ်ခုသာ ကျန်ရှိတော့ပြီး ပတ်ဝန်းကျင်ရှိ စခန်းငယ်အားလုံးကို AA က ထိန်းချုပ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။
“ရန်ကုန်ကနေ ရေယာဉ်နဲ့ စစ်ကူတွေ ပို့မယ်လို့ သိရတယ်ဗျ။ ဘယ်တပ်/ ဘယ်လောက် အင်အားဆိုတာတော့ မသိရသေးဘူးပေါ့နော်။ ရခိုင်နဲ့ သူတို့ စကားပြောပုံရပါတယ်။ စကားပြောပြီး အဆင်မပြေတော့ ရခိုင်ကို ရအောင် စစ်ပြင်တဲ့ အနေအထားလို့ပဲ ကျနော်တို့ သုံးသပ်ပါတယ်” လို့ ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။