မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ ကပစ ၂၄ စက်ရုံဆီ သွယ်တန်းထားတဲ့ မဟာဓာတ်အားလိုင်းတိုင်တွေကို ဖောက်ခွဲဖျက်ဆီးခဲ့သလို ဂျိုင်ရိုကော်ပတာယာဥ်တွေကိုလည်း မြေပြင်ကနေ ပစ်ချနိုင်ဖို့ကြိုးစားနေကြောင်း မြိုင်ပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
ဆားလင်းကြီးမြို့နယ်ကစလို့ မြိုင်နဲ့ပေါက်မြို့နယ်အထိ သွယ်တန်းထားတဲ့ အဆိုပါ ဓာတ်အားလိုင်းတိုင်တွေဟာ စစ်အုပ်စု ကပစ စက်ရုံတွေအတွက်အရေးပါတာကြောင့် မြိုင်ပကဖနဲ့တော်လှန်ရေးတပ်တွေက ဒီဇင်ဘာလထဲမှာ ဖောက်ခွဲ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
“ဆားလင်းကြီးဘက်ကနေ မြိုင်၊ ပေါက်၊ ချောင်းကူး-ပင်မခွဲရုံကို သွယ်တန်းထားတာပါ။ ဒီဓာတ်အားလိုင်းတိုင် ၁၀ တိုင်ကို ကျနော်တို့ ခွဲပစ်ထားတာပါ။
ကပစ ၂၄ ကတော့ လုံးဝမလည်ပတ်နိုင်တော့ပါဘူး။ ၂၃ ရောက်တဲ့အထိပဲ” လို့ မြိုင်ပကဖတာဝန်ရှိသူက မောင်းကိုပြောပါတယ်။
ဒါ့အပြင် ပေါက်မြို့နယ်အတွင်း အဆက်မပြတ် တိုက်ခိုက်နေတဲ့ မုံရွာနမခတက် ဂျိုင်ရိုကော်ပတာတွေကိုလည်း ပွိုင့်ဖိုက်အပါအဝင် W89 လက်နက်တွေနဲ့ မြေပြင်ကနေ ပစ်ချနိုင်ဖို့ကြိုးစားနေတယ်လို့ သူကပြောပါတယ်။
“စစ်ရေးတောက်လျှောက်တင်းမာနေတာ၊ ဂျိုင်ရိုကော်ပတာကလည်း ရက်ပေါင်း ဘယ်လောက်ရှိမှန်းကို မသိဘူး။ တစ်ခါလာရင် ၃စီးနဲ့ တစ်နေ့ကို ၄ကြိမ်လောက် လာချနေတာပါ။ ကျနော်တို့ကလည်း ပွိုင့်ဖိုက်ရော W89တွေနဲ့ ပစ်ချနေတာပါ။ ကိုယ့်ဘက်က ကျည်ချွေတာရပေမယ့် ထိတာတွေရှိပါတယ်။” လို့ မြိုင်ပကဖ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အရင်ကလည်း ပါရာမော်တာ ခေါ် စက်တပ်လေထီး ၁ စင်းကို ပစ်ချခဲ့ဖူးတာကြောင့် အခု ဂျိုင်ရိုကော်ပတာတွေကိုလည်း ထိထိရောက်ရောက် ပစ်ချနိုင်မယ်လို့ မြိုင်ပကဖက ယုံကြည်ထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေကစလို့ ပေါက်မြို့နယ်အခြေစိုက် အမှတ်(၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံကနေ အင်အား ၂၀၀ ကျော်နဲ့ထွက်ခွာလာပြီး တော်လှန်ရေးတပ်တွေနဲ့ပေါက်မြို့နယ်အတွင်း ထိတွေ့တိုက်ပွဲတွေရှိနေတာပါ။
ဒီနေရာမှာ တော်လှန်ရေးတပ်တွေရဲ့တိုက်ခိုက်မှုနဲ့ လျှို့ဝှက်မြေမြှုပ်မိုင်းတွေကြောင့် အထိနာထားတဲ့ အကြမ်းဖက်စစ်တပ်ဟာ လေကြောင်းကတဆင့် ဂျိုင်ရိုကော်ပတာတွေ၊ ဒရုန်းတွေအသုံးပြုရင်း ဆက်တိုက်ဗုံးကြဲနေကြောင်း သိရပါတယ်။
စစ်အုပ်စုဟာ သူတို့အထိနာမှုနဲ့အတူ မုံရွာအနောက်မြောက်ပိုင်းစစ်ဌာနချုပ်တက် ဂျိုင်ရိုကော်ပတာတွေ အသုံးပြု လေကြောင်းတိုက်ခိုက်နေပြီး အရပ်သားကျေးရွာတွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်ကြောင်း သိရပါတယ်။
ဒီဇင်ဘာလ ၂၄ရက် မနေ့က နေ့လည်ပိုင်းနဲ့ ညနေပိုင်းတွေမှာလည်း မြိုင်နဲ့ပေါက်အစပ်က လက်ပံတိုရေနှံမှော်နဲ့ ရွာသစ်ကုန်းရွာတွေကို ဂျိုင်ရိုကော်ပတာ ၅စီးက ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ အရပ်သား နေအိမ်တွေ ပျက်စီးခဲ့ပါသေးတယ်။