စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဂိတ်စခန်းတစ်ခုကို အကြမ်းဖက်စစ်တပ်က ဂျိုင်ရိုကော်မတာ ၃စီးနဲ့ လာရောက်ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
ဒီဇင်ဘာ ၂၄ ရက် မနေ့က ညနေပိုင်းလောက်မှာ စစ်ကော်မရှင်တပ်က ကင်းစမ်းလမ်းခွဲ ကားဂိတ်ကို ဗုံးသီး ၂လုံးနဲ့ ပစ်ခတ်မှုကြောင့် ဈေးသည် ဇနီးမောင်နှံကို ထိမှန်ကာ အမျိုးသမီးဖြစ်သူ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
“ထိတွေ့မှုကြောင့် မဟုတ်ဘူး။ အဲ့နေရာက လမ်းဆုံလည်း ကျတယ်။ ဖြတ်သွားဖြတ်လာတဲ့ လမ်းဆုံကျတယ်။ ဂိတ်လေးရှိတယ်။ အဲ့ဒီဂိတ်ကို လာကြဲတာ။ လာကြဲတော့ အဲဒီလမ်းဘေးက ဈေးဆိုင်က လင်မယား ၂ယောက်ထဲက မိန်းမကတော့ ပွဲချင်းပြီးသေသွားတယ် ကြေမွလို့။ ယောက်ျားကလည်း စိုးရိမ်ရပါတယ်” လို့ ဘုတလင်နယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။
ဂျိုင်ရိုကော်ပါတာ လာရောက်ပစ်ခတ်ချိန် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကတော့ ထိခိုက်ဒဏ်ရာမရခဲ့ဘဲ ဈေးဆိုင်တစ်ဆိုင်တော့ ထိမှန်ပျက်စီးသွားတယ်လို့ သိရပါတယ်။
“ဇရပ်တစ်လုံး ပျက်တယ်။ ဂိတ်တဲတစ်တဲရယ် ဈေးသည်အိမ်ရယ် ပျက်သွားတယ်။ အဲဒီဂိတ်ဖွင့်ထားတာတော့ ၁နှစ်လောက် ရှိပြီ။ ဂျိုင်ရိုကော်ပတာနဲ့ လာကြဲချိန် ရဲဘော်တွေက ကတုတ်ကျင်းထဲ ရောက်သွားတော့ မထိလိုက်ဘူး။ ဈေးသည်လင်မယားက နားမလည်တော့ ပြေးလိုက်တာ ပြေးရင်းနဲ့ ထိသွားတာ” လို့ အထက်ပါ နယ်မြေခံက ဆက်ပြောပါတယ်။
ဒီဇင်ဘာ ၄ရက်နေ့တုန်းကလည်း ဘုတလင်မြို့နယ် အရှေ့ခြမ်း ကံသာရွာထဲကို စစ်တပ်က ဂျိုင်ရိုကော်ပတာ ၂စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ယောက် ထိမှန်ဒဏ်ရာရခဲ့ပါသေးတယ်။