ချင်းကာကွယ်ရေးတပ် – အရှို (CDF-Asho) ထံကို စစ်ကော်မရှင်တပ်သား ၃ ယောက် လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ CDF-Asho က ထုတ်ပြန်ပါတယ်။
အဆိုပါ စစ်သား ၃ ယောက်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ ရက်နဲ့ ၁၉ ရက်တို့မှာ ငဖဲမြို့နယ်၊ နတ်ရေကန်လမ်းဟောင်းရှိ ပဇီကျေးရွာအနီး ရှေ့တန်းစစ်မြေပြင်ကနေ CDF-Asho ထံ အလင်းဝင်ရောက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။
“သူတို့ ၃ဦးက စစ်မှုထမ်းတပ်သားတွေပါ။ သူတို့ မိသားစုဝင်တွေရော… သူတို့ရဲ့ အနီးတဝိုက်မှာ ကျနော်တို့ တပ်တွေရှိနေတော့ ဖုန်းတွေနဲ့တဆင့် ချိတ်ဆက်ပြီးတော့မှ ထွက်ပြေးလာဖို့၊ အလင်းဝင်လာဖို့ကို ညှိကြ၊ ပြောကြ၊ ချိတ်ဆက်ခဲ့ကြတာပါ” လို့ CDF – Asho ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက မောင်းကို ပြောပါတယ်။
စစ်တပ်ဟာ တရားမဝင် ပြဌာန်းထားတဲ့ စစ်မှုထမ်းဥပဒေကို ခုတုံးလုပ်ပြီး မြန်မာနိုင်ငံအနှံ့က လူငယ်တွေကို တိုက်ပွဲဖြစ်ပွားရာ ရှေ့တန်းစစ်မြေပြင်တွေဆီ ပို့ဆောင်တာတွေကို လုပ်ဆောင်လျက် ရှိနေပါတယ်။
ဒါ့အပြင် စစ်မှုထမ်းတပ်သားတွေဟာ ရှေ့တန်းစစ်မြေပြင်တွေမှာ အထက်တပ်မှူးတွေရဲ့ ဗိုလ်ကျအနိုင်ကျင့်မှုတွေ၊ ညှင်းပန်းနှိပ်စက်မှုတွေကြောင့် တိုက်ခိုက်လိုစိတ်မရှိတော့ဘဲ နေ့စဉ်နဲ့အမျှ တပ်ကနေ ထွက်ပြေးဖို့ ကြိုးစားနေတယ်လို့ အလင်းဝင်လာသူ တပ်သား ၃ ယောက်က ပြောဆိုကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“စစ်တပ်ကနေ ဒီထွက်ပြေးလာသူတွေကို သီးခြားရှာတာမျိုးတော့ မလုပ်လောက်ပါဘူး။ ရှေ့တန်း အချင်းချင်းပဲ မို့ အထူးတလည် ရှာနေတာမျိုး မလုပ်လောက်ပါဘူး။ သူတို့ ၃ဦးကတော့ မိသားစုထံ ပြန်မယ်လို့ ပြောပါတယ်” လို့ ဆလိုင်းရိုးချင်းက ဆိုပါတယ်။
နတ်ရေကန်စခန်းအနီး စစ်မြေပြင်က လူငယ်တွေအနေနဲ့ ချင်းကာကွယ်ရေးတပ်-အရှိုထံ ဘက်ပြောင်းချင်ရင် အချိန်မရွေး ဘက်ပြောင်းလာနိုင်ပြီး အလင်းဝင် ဘက်ပြောင်းလာသူတိုင်းရဲ့ အသက်နဲ့ လုံခြုံရေးကို အာမခံတယ်လို့ CDF-Asho က ထုတ်ပြန်ထားပါတယ်။







