မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ ဒီဇင်ဘာလ ဒုတိယပတ်ကစလို့ အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ၁၅ ကြိမ် ရှိခဲ့ပြီး စစ်တပ်ခြေကုပ်ယူထားတဲ့ ကျေးရွာ ၁ ရွာနဲ့ စိုးမိုးကုန်း ၁ ခုကို သုံ့ပန်းတွေနဲ့အတူ ရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၇) ရက်ကနေ ဒီဇင်ဘာလ (၂၄) ရက်အထိ မိုးကုတ်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်ခဲ့ရာမှာ တိုက်ပွဲကြီး (၆) ကြိမ်နဲ့ တိုက်ပွဲငယ် (၉) ကြိမ် ရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါတိုက်ပွဲတွေထဲ အကြမ်းဖက်စစ်ကော်မရှင်ဘက်က မျက်မြင် (၁၈) ယောက် သေဆုံးကာ စစ်သုံ့ပန်း (၃) ယောက်ကို လက်ရဖမ်းဆီးနိုင်ခဲ့တယ်လို့ NUG က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် မိုးကုတ်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် ခြေကုတ်ယူထားတဲ့ ကျေးရွာ (၁) ရွာနဲ့ စိုးမိုးကုန်း (၁) ခုကိုလည်း PDF တပ်တွေ ထပ်မံသိမ်းပိုက် ရရှိခဲ့ပါသေးတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ အုပ်ချုပ်မှု၊ ကွပ်ကဲမှု၊ ထောက်ပံ့မှု ရပ်ဝန်းတွေကို အထူးစစ်ဆင်ရေးတွေဖော်ဆောင်ပြီး အဆက်မပြတ် ထိုးနှက်တိုက်ခိုက်နေတာကြောင့် အခုလို စစ်အုပ်စုဘက် ထိခိုက်သေဆုံးမှုတွေရှိနေတာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
ဒါ့အပြင် မိုးကုတ်မြို့နယ်နဲ့ မိုးမိတ်မြို့နယ်ထဲ ကျူးကျော်ဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်တပ်အင်အားတွေကို NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေက ဆက်လက်တိုက်ခိုက်နေတယ်လို့လည်း အသိပေးထားပါတယ်။
ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း TNLA နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်နိုင်ခဲ့တဲ့ မန္တလေးတိုင်း မိုးကုတ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်တို့ဟာ တရုတ်ရဲ့ ကြားဝင်ဖိအားပေးမှုနဲ့ စစ်အုပ်စုထံ လက်လွှတ်ထားရတဲ့ မြို့တွေဖြစ်ပါတယ်။