မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲ ၄ ရက်ဖြစ်ပွားပြီး စစ်အုပ်စုဘက်က ၁၂ ယောက် သေကာ အများအပြားထိခိုက်ဒဏ်ရာရတဲ့အထိ ချေမှုန်းနိုင်ခဲ့ကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ရှိသူ ၁ ယောက်က မောင်းကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၉) ရက်နေ့ကစလို့ ပေါက်မြို့နယ်မြောက်ပိုင်းကို ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ၄ ရက်တာ ခုခံတိုက်ခိုက်ချေမှုန်းခဲ့တာလို့ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုနဲ့ ဒီဇင်ဘာလ (၉၊ ၁၀၊ ၁၆၊ ၂၀) ရက်နေ့တွေမှာ ၂ ပတ်ကြာ ထိတွေ့တိုက်ပွဲတွေရှိခဲ့ကြောင်းနဲ့ စစ်အုပ်စုဘက်က ၁၂ ယောက် သေဆုံးကာ ၃၇ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိတဲ့အထိ ချေမှုန်းနိုင်ခဲ့ကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ကြောင်းကို ပြည်သူ့တော်လှန်ရေးတပ်ဦးနဲ့အတူ ပြည်သူ့ဒီမိုကရက်တစ်တပ်တော်(PDO/PDA)၊ ကျောင်းသားလက်ရုံးတပ်တော်(SAF)၊ နယ်စည်းမခြား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပခုက္ကူ) (BORDERLESS)၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်(MGY-PDF)၊ Phoenix Guerrilla Force (ဖီးနစ်ပြောက်ကျားတပ်ဖွဲ့)၊ ပေါက်၊ မြိုင် (ပကဖ)၊ BLYပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း စစ်အုပ်စု ထိခိုက်သေဆုံးတာတွေအပြင် ပေါက်မြို့နယ် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ယောက်နဲ့ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MGY-PDF) ရဲဘော် ၁ ယောက် ကျဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၅ ယောက် ရှိခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

“အဖိနှိပ်ခံပြည်သူလူထုရဲ့ ကျေးရွာတွေကို ဝင်ရောက်ဖျက်ဆီးနေတဲ့ ရန်သူ့စစ်ကြောင်းကို အခုလိုနှစ်ပတ်ကျော်ကြာတဲ့အထိ အတူတကွ တိုက်ပွဲဝင်ရင်း အဖိနှိပ်ခံပြည်သူထု အကျိုးစီးပွားအတွက် ကာကွယ်လျက်ရှိပါတယ်”လို့ ပြည်သူ့တော်လှန်ရေးတပ်ဦး ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
ဒါ့အပြင် တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကြောင်းထဲက (ပြည်သူ့စစ်) အဖွဲ့ဝင် ၁ ယောက်လည်း MA 4 အမျိုးအစား သေနက် ၁ လက် ယူဆောင်ကာ တော်လှန်ရေးတပ်တွေဆီ လက်နက်ချ အလင်းဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။
