ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေ စုပေါင်းပြီး အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ ဗဟိုစစ်ဦးစီးတပ်၊ အမှတ် ၆၂၆ တပ်ရင်းထံက သိရပါတယ်။
ရွေးကောက်ပွဲအတု ဆန့်ကျင်ရေး အဆိုပါ လှုပ်ရှားမှုကို ဒီဇင်ဘာ ၂၃ရက် မနေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး ကရင်နီတော်လှန်ရေးတပ်ဖွဲ့ အသီးသီးက သက်ဆိုင်ရာ တာဝန်ခံတွေက ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း ပြောကြားမှုတွေ၊ ကြွေးကြော်သံ ဟစ်ကြွေးတာတွေ၊ မှတ်တမ်းဓာတ်ပုံ ရိုက်ကူးတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ လှုပ်ရှားမှုကို ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ ရှမ်း-ကယားစစ်တိုင်း တပ်ရင်းအမှတ်(၁၁၀၉)၊ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆိုမြို့နယ် (DMO Local PDF)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နဲ့ ကယန်းအမျိုးသားတပ်မတော် (KNA) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ပြည်သူတွေအနေနဲ့လည်း စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ရရာနည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်ကြဖို့ တိုက်တွန်းထားပြီး ရွေးကောက်ပွဲအတုနဲ့ ပတ်သက်တဲ့လူ မှန်သမျှကို လူထုသစ္စာဖောက်အဖြစ် သတ်မှတ်ပြီး ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်သွားမယ်လို့ ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ ဗဟိုစစ်ဦးစီးတပ်၊ အမှတ် ၆၂၆ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။







