အကြမ်းဖက် စစ်ကော်မရှင်ဟာ မကြာခင် အတုအယောင်ရွေးကောက်ပွဲ ကျင်းပတော့မှာဖြစ်တဲ့အတွက် နေ့စဥ်နဲ့အမျှ တိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာတာကြောင့် မြန်မာပြည်သူတွေကို ကာကွယ်ဖို့ အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကနေ အရေးပေါ်ဆောင်ရွက်မှုတွေ လုပ်ဆောင်ကြရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ပြောကြားလိုက်ပါတယ်။

ဒီဇင်ဘာ ၂၈ ရက်မှာ စတင်ကျင်းပဖို့ သတ်မှတ်ထားတဲ့ ရွေးကောက်ပွဲအတုနဲ့အတူ အကြမ်းဖက်စစ်အုပ်စုက ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေထဲက အရပ်သားနေအိမ်တွေ၊ လူစုလူဝေးတွေ၊ အခြေခံ အဆောက်အအုံတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ၊ စစ်ဆင်ရေးတွေ အရှိန်မြှင့် လုပ်ဆောင်လာနေပါတယ်။

ဒီဇင်ဘာ ၅ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကို အကြမ်းဖက်စစ်အုပ်စုက တိုက်လေယာဉ်တစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ အနည်းဆုံး (၁၈) ယောက် သေဆုံးခဲ့ပြီး အယောက် (၂၀) ကျော် ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ မေလကလည်း ဒီပဲယင်းမြို့နယ်ကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့လို့ အသက် (၇) နှစ်အရွယ် ကလေးငယ်တွေအပါအဝင် ကျောင်းသား ၂၂ ယောက်နဲ့ ဆရာမ ၂ ယောက် သေဆုံးခဲ့ပါတယ်။

အလားတူ နိုင်ငံတကာလူ့အခွင့်အရေးနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ကလည်း ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်က ပြည်သူ့ဆေးရုံကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့လို့ အမျိုးသမီးတွေနဲ့ ကလေးတွေအပါအဝင် (၃၃) ယောက်သေဆုံးခဲ့ပြီး အယောက် ၇၀ နီးပါး ဒဏ်ရာရရှိခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ လူနာတွေနဲ့ ဆေးရုံဝန်ထမ်းတွေပါဝင်ပြီး သေဆုံးသူအရေအတွက်လည်း ဆက်လက်မြင့်တက်လာတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ မြောက်ဦးနဲ့ ဒီပဲယင်းမြို့နယ် ၂ မြို့နယ်လုံးကို “စစ်အုပ်ချုပ်ရေး” (Martial Law ) ကြေညာထားပြီး အဆိုပါဒေသတွေမှာ ရွေးကောက်ပွဲကျင်းပနိုင်စွမ်းမရှိတဲ့အတွက် ရွေးကောက်ပွဲ ပြုလုပ်မှာ မဟုတ်ကြောင်းလည်း ထုတ်ပြန်ကြေညာထားပါတယ်။ စစ်ကော်မရှင်တပ်ဟာ အခုလို ကျေးရွာတွေကို တိုက်ခိုက်နေတာဟာ အတုယောင်ရွေးကောက်ပွဲမတိုင်မီ သူတို့ကို ဆန့်ကျင်သူအဖြစ် ယူဆပြီး ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေကြောင်း ပေါ်လွင်စေတယ်လို့ SAC – M က ဆိုပါတယ်။

“ဒီလေကြောင်းတိုက်ခိုက်မှုတွေဟာ ရွေးကောက်ပွဲမှာ မဲပေးသူအရေအတွက်ကို စစ်အုပ်စုက သူတို့လိုချင်သလို ပုံဖော်ခြယ်လှယ်ဖို့ အသုံးပြုနေတဲ့ လက်နက်ကိရိယာတစ်ခုပါပဲ၊ သူတို့မထိန်းချုပ်နိုင်တဲ့နယ်မြေတွေကို ဗုံးကြဲတိုက်ခိုက်ပြုခြင်းအားဖြင့် သူတို့ လက်လှမ်းမီတဲ့ဒေသက ပြည်သူတွေကိုလည်း ကြောက်ရွံ့ထိတ်လန့် သွားစေမယ့် သတိပေးချက်တစ်ရပ် ပေးလိုက်တာလည်း ဖြစ်ပါတယ်၊ ဒါဟာ ရက်စက်ကြမ်းကြုတ်မှုတွေကို အသုံးပြုပြီး မဲဆန္ဒနယ်မြေအခင်းအကျင်းကို မသမာတဲ့နည်းနဲ့ သူတို့ပါတီ အသားစီးရရှိရန် ပုံဖော်ဖန်တီးနေခြင်း (Gerrymandering through atrocities) ပဲဖြစ်တယ်” လို့ SAC – M အဖွဲ့ဝင် YangheeLee က ဆိုပါတယ်။

ဒါ့အပြင် စစ်အုပ်စုက သူတို့နဲ့ သဘောထားကွဲလွဲသူတွေကို အပြစ်ပေးဖိုအတွက် “ရွေးကောက်ပွဲကာကွယ်စောင့်ရှောက်ရေး” ဥပဒေအပါအဝင် ဖိနှိပ်ချုပ်ချယ်တဲ့ ဥပဒေတွေကိုလည်း တွဲဖက်အသုံးပြုနေပါတယ်။ လက်ရှိအချိန်ထိလည်း အကြမ်းဖက်စစ်ကော်မရှင်တပ်ဟာ မြန်မာ့ဒီမိုကရေစီနည်းကျ ရွေးကောက်ခံခေါင်းဆောင်တွေအပါအဝင် အနည်းဆုံး နိုင်ငံရေးအကျဉ်းသား (၂၂,၆၉၁) ယောက်ကို မတရားဖမ်းဆီးထားဆဲဖြစ်ပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်အုပ်စုရဲ့ အတုအယောင်လုပ်ငန်းစဉ်နဲ့ အဲဒီကနေ ထွက်ပေါ်လာမယ့် ရလဒ်တွေကို ပြတ်ပြတ်သားသား ငြင်းပယ်ရမှာဖြစ်ကြောင်း၊ စစ်အုပ်စုရဲ့ လက်ရှိအနေအထားသာမက အနာဂတ်မှာ ပြောင်းလဲလာမယ့် ဘယ်လိုပုံသဏ္ဌာန်နဲ့မဆို ထိတွေ့ဆက်ဆံဖို့ ငြင်းဆိုခြင်းအားဖြင့် သူတို့ကို အသက်ဆက်ခွင့်မရအောင် ဖြတ်တောက်ပိတ်ဆို့သွားရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် SAC – M အနေနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ အာဆီယံနဲ့ နိုင်ငံအသီးသီးကိုလည်း တိုက်တွန်းတောင်းဆိုကာ စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို အဆုံးသတ်နိုင်ဖို့အတွက် လက်နက်၊ လေယာဉ်ဆီနဲ့ ငွေကြေးလမ်းရရှိမှုလမ်းကြောင်းတွေကို ပိတ်ဆို့ဖြတ်တောက်ခြင်း၊ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ချက်ချင်းလွှတ်ပေးရန်တောင်းဆိုခြင်း၊ မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကို သူတို့ကျူးလွန်ခဲ့တဲ့ ရာဇဝမှုတွေအတွက် အပြည့်အဝတာဝန်ခံမှုရှိစေခြင်း စတဲ့ ရှင်းလင်းပြတ်သားပြီး ထိရောက်မှုရှိတဲ့ အဆင့်တွေကို လုပ်ဆောင်ကြဖို့လိုတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာ့ဒီမိုကရေစီရေးအတွက် တရားဝင် ကြိုးပမ်းဆောင်ရွက်နေတဲ့ ပါဝင်သူတွေကို တရားဝင်အသိမှတ်ပြုဖို့နဲ့ ထောက်ပံ့ကူညီမှုတွေကို သိသိသာသာ တိုးမြှင့်ပေးဖို့လိုကြောင်း၊ မကြာခဏထုတ်ဖော်ပြောလေ့ရှိတဲ့ ဒီမိုကရေစီ၊ တန်းတူညီမျှရေး၊ တရားမျှတမှု၊ လူ့အခွင့်အရေးစံနှုန်းတွေနဲ့ အညီ လက်တွေ့ကျင့်သုံးရမှာဖြစ်ပြီး မြန်မာပြည်သူလူထုရဲ့ ဆန္ဒသဘောထားနဲ့ အကျိုးစီးပွားကို အဓိက ဦးစားပေးရာမှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

အီဖယ်တာဝါမှ ထီးသပိတ်လှုပ်ရှားမှု (ဓာတ်ပုံသတင်း)

ပြင်သစ်နိုင်ငံ၊ ပါရီမြို့ကနေ ပေးပို့လာတဲ့ ၃၇ နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ်အကြို ၈၈၈၈ ထီးသပိတ်လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံတွေကို ရန်ကုန်လူထုသပိတ်က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

စိတ်ကြွဆေး ၅.၅ တန်နဲ့အတူ မြန်မာနိုင်ငံသား ၆ ယောက်ကို အိန္ဒိယကမ်းခြေစောင့်တပ်ဖမ်းဆီး

မြန်မာပြည်ကနေ မက်သာဖက်တမင်း ၅.၅ တန် တင်ဆောင်လာတဲ့ မှောင်ခိုသင်္ဘောတစ်စင်းကို ကပ္ပလီပင်လယ်ပြင်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့က နိုဝင်ဘာ ၂၆ ရက် အင်္ဂါနေ့မှာ ပြောပါတယ်။
Read More

မြန်မာခရိုနီတချို့အပေါ် အရေးယူပိတ်ဆို့မှု ရုပ်သိမ်းတာဟာ မင်းအောင်လှိုင်ရဲ့ပြန်စာနဲ့ မဆိုင်ဘူးလို့ အမေရိကန်ပြော

“ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းဖို့ ဆုံးဖြတ်ချက်ဟာ အရင်အစိုးရလက်ထက်က စတင်ခဲ့တဲ့ ရှည်လျားတဲ့ လုပ်ငန်းစဉ်ကို ထင်ဟပ်စေပါတယ်” "ဒီဆုံးဖြတ်ချက်တွေနဲ့ စာကြားမှာ ဆက်စပ်မှုမရှိပါဘူး" လို့ ၎င်းက ဆိုပါတယ်။
Read More

အကြမ်းဖက်စစ်အုပ်စု၏ ဝါဒဖြန့်အကောင့်များကို Facebook ၊ YouTube ၊ Twitch နှင့် MediaFire တို့မှ ဖယ်ရှား

အကြမ်းဖက်စစ်တပ် အသုံးပြုနေတဲ့ ဝါဒဖြန့် ဆိုရှယ်မီဒီယာ အကောင့်တွေကို သက်ဆိုင်ရာ နည်းပညာကုမ္ပဏီတွေက ဖယ်ရှားဖြုတ်ချလိုက်ကြောင်း သိရပါတယ်။
Read More

ဖက်ဆစ်ဆန့်ကျင်ရေး အခမ်းအနားတွင် ဖက်ဆစ်အာဏာရှင် ခေါင်းဆောင်များ ဖက်လှဲတကင်း တွေ့ဆုံ

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ ဒီနေ့ ပြုလုပ်ကျင်းပတဲ့ ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲနဲ့ ဒုတိယကမ္ဘာစစ် အောင်နိုင်တဲ့ နှစ် ၈၀ ပြည့် စစ်ရေးပြအခမ်းအနားမှာ ဖက်ဆစ်အာဏာရှင် မင်းအောင်လှိုင်က အာဏာရှင်ခေါင်းဆောင်တွေနဲ့ ဖက်လှဲတကင်း တွေ့ဆုံခဲ့တဲ့ပုံရိပ်တွေကို နိုင်ငံတကာသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။ 
Read More

ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ ဒေါ်နယ်ထရမ့်ကို NUG ယာယီသမ္မတ ဒူဝါလရှီးလ ဂုဏ်ပြု

အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ဒေါ်နယ်ထရမ့်ကို ဂုဏ်ပြုတယ်ဆိုတာနဲ့ နှစ်နိုင်ငံအကြား ခိုင်မာတဲ့ ဆက်ဆံရေးဆက်လက်လုပ်ဆောင်ဖို့ မျှော်လင့်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက လူမှုကွန်ရက် X (Twitter) မှာ ရေးသားထားပါတယ်။