စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၆ယောက် ထိမှန်ဒဏ်ရာရခဲ့ကြောင်း နယ်ခံတွေဆီက သိရပါတယ်။
ဒီဇင်ဘာ ၂၂ ရက် ညနေ ၅ နာရီလောက်မှာ အကြမ်းဖက်စစ်တပ်က ကောလင်းမြို့အနောက်ခြမ်း နတ်အင်းကျေးရွာ စာသင်ကျောင်းကို ပေါင် ၅၀၀ ဗုံးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဦးမြင့်ဝင်း၊ ဦးကျော်ပိုင်ဦး၊ ဦးစိုးသူအောင်၊ ဦးအောင်မျိုးသူ၊ ဒေါ်အေးနဲ့ ဒေါ်နှင်းမိုးအေးတို့ ထိခိုက်ဒဏ်ရာရခဲ့ပြီး စာသင်ကျောင်း ပျက်စီးကာ နွား ၁ကောင်လည်း ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။



“စစ်ရှောင်တွေ နေတဲ့နေရာကို လာကြဲသွားတာ၊ ထိခိုက်ဒဏ်ရာရတဲ့လူတွေကတော့ မစိုးရိမ်ရတော့ပါဘူး။ ဖြစ်ဖြစ်ချင်းတော့ ရွာခံတွေက ရှောင်ကြတယ်၊ အခုတော့ ရွာခံတွေက ပြန်ဝင်နေကြပါပြီ” လို့ ကောလင်းနယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ် ။
နတ်အင်းရွာဟာ အခုလို လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရတာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီဇင်ဘာ ၂၁ ရက်နေ့ကလည်း မိတ္ထီလာလေတပ်က တက်လာတဲ့ စစ်တပ်ဂျက်ဖိုက်တာတစ်စီးက ကောလင်းမြို့အရှေ့ခြမ်း၊ မုတ်ဝကျေးရွာထဲကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အဆိုပါ ကျေးရွာမှာရှိတဲ့ စာသင်ကျောင်း ထိမှန်ပျက်စီးသွားခဲ့ပါသေးတယ်။


