ဩစတြေးလျအခြေစိုက် တိုက်ရိုက်ရုပ်သံလွှင့် ပလက်ဖောင်းတစ်ခုဖြစ်တဲ့ Kick နည်းပညာ ကုမ္ပဏီဟာ မြန်မာစစ်အုပ်စုရဲ့ ဝါဒဖြန့်ချန်နယ်တွေကို သူတို့ရဲ့ ပလက်ဖောင်းပေါ်မှာ စတင်ထုတ်လွှင့်ပြီး ၂၄ နာရီ မပြည့်ခင်အချိန်မှာပဲ အမြန်ဆုံး ဖယ်ရှားလိုက်တယ်လို့ Justice For Myanmar က ဆိုပါတယ်။
စစ်အုပ်စုဟာ Amazon ပိုင် Twitch ပလက်ဖောင်းကနေ ဖယ်ရှားခံရပြီးနောက် သူတို့ရဲ့ ဝါဒဖြန့်ချိရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်ဖို့ Kick သို့ ပြောင်းရွှေ့ အသုံးပြုခဲ့ပေမယ့် JFM အဖွဲ့က Kick ကုမ္ပဏီထံ ဒဏ်ခတ်ပိတ်ဆို့မှုတွေ လိုက်နာရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်မှုတွေကို တိုက်တွန်းစာ ရေးသားပေးပို့ခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် Kick ကုမ္ပဏီဟာ နာရီပိုင်းအတွင်း အဆိုပါအကောင့်တွေကို ပိတ်သိမ်းခဲ့တာဖြစ်ပြီး ပိတ်သိမ်းခံရတဲ့ ချန်နယ်တွေကတော့ စစ်အုပ်စုရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ကြီးကြပ်တဲ့ MITV နဲ့ MRTV (HD၊ News၊ Farmers၊ Sports၊ NRC၊ Entertainment) စုစုပေါင်း ချန်နယ် ၇ ခုလုံး ပါဝင်တယ်လို့ သိရပါတယ်။
စစ်အုပ်စုဟာ သူတို့ရဲ့ MRTV ဝဘ်ဆိုဒ်နဲ့ အပလီကေးရှင်းတွေမှာ Kick စနစ်ကို အသုံးပြုပြီး တိုက်ရိုက်ထုတ်လွှင့်ဖို့ ကြိုးပမ်းခဲ့ပေမယ့် အခုအခါ Kick ရဲ့ အရေးယူမှုကြောင့် အဆိုပါဝဘ်ဆိုဒ်တွေမှာ “ယခုချိတ်ဆက်မှု မှားယွင်းနေပုံရပါသည်” ဆိုတဲ့ စာတန်းသာ ပေါ်နေကြောင်းကို JFM က အသိပေးလာပါတယ်။
ဒီလုပ်ဆောင်ချက်ဟာ စစ်အုပ်စု ပြုလုပ်ဖို့ ပြင်ဆင်နေတဲ့ အတုအယောင်ရွေးကောက်ပွဲမတိုင်မီ သတင်းမှားတွေနဲ့ အမုန်းစကားတွေကို တိုက်ရိုက်ဖြန့်ဝေနေတဲ့ လမ်းကြောင်းကို ထိရောက်စွာ ဖြတ်တောက်လိုက်တာဖြစ်ပြီး နည်းပညာကုမ္ပဏီအားလုံးအနေနဲ့လည်း စစ်အုပ်စုရဲ့ အကောင့်တွေကို လက်မခံဘဲ ဆက်လက်ပိတ်ပင်သွားကြဖို့ Justice For Myanmar က တောင်းဆိုထားပါတယ်။