မကွေးတိုင်း ပေါက်မြို့နယ်မြောက်ပိုင်းသို့ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့ရာ ၁၂ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားကာ ပြည်သူ့စစ် ၁ ယောက် လက်နက်နဲ့အတူ အလင်းဝင်ရောက်တယ်လို့ People’s Democratic Army က သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက် မနက်ပိုင်းမှာ ပေါက်မြို့နယ်မြောက်ပိုင်းသို့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် ဒီဇင်ဘာ ၁၀ ရက်မှာ တစ်ကြိမ်၊ ဒီဇင်ဘာ ၁၆ ရက်မှာ တစ်ကြိမ်နဲ့ ဒီဇင်ဘာ ၂၀ ရက်မှာ တစ်ကြိမ် ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား ၁၂ ယောက် သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိသွားပြီး ပြည်သူ့စစ် ၁ ယောက် MA-4 သေနတ် ၁ လက်နဲ့အတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို ဝင်ရောက်ဖျက်ဆီးခဲ့ပြီး မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MGY-PDF) က ရဲဘော် ၁ ယောက် မြင့်မြတ်စွာ ကျဆုံးခဲ့ကာ ပြည်သူ့တော်လှန်ရေး ရဲဘော် ၅ ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) အပါအဝင် ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF)၊ ကျောင်းသားလက်ရုံးတပ်တော်(SAF)၊ နယ်စည်းမခြား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပခုက္ကူ) (BORDERLESS)၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MGY-PDF)၊ Phoenix Guerrilla Force (ဖီးနစ်ပြောက်ကျားတပ်ဖွဲ့)၊ ပေါက်၊ မြိုင် (ပကဖ)နဲ့ BLY ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Video – People’s Democratic Army